စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော် ၂၀၂၃-ခုနှစ်၊ အပြည်ပြည်ဆိုင်ရာ သက်ကြီးရွယ်အိုများနေ့ အခမ်းအနား တက်ရောက်
မုံရွာ ၊ အောက်တိုဘာ ၂
စစ်ကိုင်းတိုင်းဒေသကြီး၊ ၂၀၂၃-ခုနှစ်၊ အပြည်ပြည်ဆိုင်ရာ သက်ကြီးရွယ်အိုများနေ့ အခမ်းအနားကို အောက်တိုဘာလ ၂ ရက်နေ့ နံနက်ပိုင်းတွင် တိုင်းဒေသကြီး အစိုးရအဖွဲ့ရုံးဝန်းအတွင်းရှိချင်းတွင်းခန်းမတွင် ကျင်းပရာ အခမ်းအနားသို့ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်နှင့်ဇနီး၊ တိုင်းဒေသကြီး တရားသူကြီးချုပ်နှင့်ဇနီး၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များ၊ တိုင်းဒေသကြီး/ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ မုံရွာဘိုးဘွားရိပ်သာ၊ ရွှေရောင်ဆည်းဆာဘိုးဘွားရိပ်သာမှ အဘိုး၊အဘွားများနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။
ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်က မြန်မာနိုင်ငံတွင် သက်ကြီးရွယ်အိုဦးရေ တိုးတက်မှုနှုန်းတိုးပွားလျက်ရှိပြီး အနာဂတ်တွင်တိုးပွားလာမည့် သက်ကြီးရွယ်အိုများအတွက် လူမှုရေးနှင့်ကျန်းမာရေးကဏ္ဍများကို တိုးမြှင့်စောင့်ရှောက်နိုင်ရေးသည် အထူးလိုအပ်ပါကြောင်း၊ သက်ကြီးရွယ်အိုများအား စောင့်ရှောက်မှုပေးရာတွင် ရိပ်သာအခြေပြု သက်ကြီးရွယ်အိုစောင့်ရှောက်ရေးလုပ်ငန်းအား တိုးချဲ့ဆောင်ရွက်လျက်ရှိပါကြောင်း၊ အသက်အရွယ်အားဖြင့် ကြီးရင့်သော်လည်း ကျန်းမာသန်စွမ်းလျက်ရှိပြီး လူမှုဖွံ့ဖြိုးရေးကို စိတ်ပါဝင်စားသူများဖြင့် ဖွဲ့စည်းထားသည့် သက်ကြီးသူချင်း ကူညီစောင့်ရှောက်ရေးအဖွဲ့(သို့မဟုတ်) လူမှုအားမာန်အဖွဲ့များအား တိုးမြှင့်ဖွဲ့စည်းနိုင်ရေး ဆောင်ရွက်လျက်ရှိပါကြောင်း၊ နိုင်ငံတော်အစိုးရအနေဖြင့်လည်း ဘဏ္ဍာရန်ပုံငွေပေါ်မူတည်၍ အသက်ကိုလျှော့ချပြီး ထောက်ပံ့ပေးသွားနိုင်ရန် လူမှုကာကွယ်စောင့်ရှောက်ရေး အမျိုးသားအဆင့် မဟာဗျူဟာစီမံချက်(၂၀၁၄)တွင် ရေးဆွဲထားရှိပြီးဖြစ်ပါကြောင်း၊ ကမ္ဘာပေါ်ရှိနိုင်ငံတိုင်းတွင် သက်ကြီးရွယ်အိုဦးရေ များပြားလာမှုအပေါ် အမျိုးမျိုးသောကြိုတင်ပြင်ဆင်မှုများ ဆောင်ရွက်လျက်ရှိရာ အထိရောက်ဆုံးနည်းလမ်းမှာ သက်ကြီးရွယ်အိုများရှိ အဖိုးမဖြတ်နိုင်သည့် အတွေ့အကြုံဗဟုသုတများအား အခြေပြု၍ ၎င်းတို့၏စွမ်းဆောင်ရည်များ မြှင့်တင်ပေးပြီး လူမှုပတ်ဝန်းကျင်တွင် လိုအပ်လျက်ရှိသော ဖွံ့ဖြိုးတိုးတက်မှုလုပ်ငန်းစဉ်များတွင် ပါဝင်စေခြင်းဖြင့် သာယာလှပငြိမ်းချမ်းပြည့်စုံသည့် အနာဂတ်အသစ်တစ်ခု ဖန်တီးပေးရန် ဖြစ်ပါကြောင်း။
တိုင်းဒေသကြီးအတွင်း ဌာနအခြေပြုစောင့်ရှောက်နည်းဖြစ်သည့် ဘိုးဘွားရိပ်သာများ ရေရှည်တည်တံ့အောင် ဆောင်ရွက်ကြကာ ရပ်ရွာအခြေပြု စောင့်ရှောက်နည်းများ တိုးပွားများပြားလာအောင် ပူးပေါင်းဆောင်ရွက်ကြရန်နှင့် လူမှုအားမာန်အဖွဲ့များအား ကျယ်ကျယ်ပြန့်ပြန့်ဖွဲ့စည်းပြီး လုပ်ငန်းရပ်များ သွက်လက်မြန်ဆန်လာအောင် ဆောင်ရွက်နိုင်ရန် ပံ့ပိုးကူညီပေးသွားကြရန် တိုက်တွန်းပြောကြားခဲ့သည်။
ယင်းနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်က တိုင်းဒေသကြီးအတွင်းရှိ တည်ထောင်ခွင့်ပြုမိန့်ရ ဘိုးဘွားရိပ်သာ ၉ခုအတွက် ငွေကျပ် - ၃၁၉၂၉၀၀၀(သုံးရာတစ်ဆယ့်ကိုးသိန်းနှစ်သောင်းကိုးထောင်)ကျပ်နှင့် အသက်အကြီးဆုံးအဘိုးထံ ငွေကျပ် - ၃၀၀၀၀ (သုံးသိန်း)ကျပ်အား ထောက်ပံ့ပေးအပ်ပြီး တိုင်းဒေသကြီး ဝန်ကြီးချုပ်၏ဇနီးမှ အသက်ကြီးအဘွားထံ ငွေကျပ် - ၃၀၀၀၀ (သုံးသိန်း)ကျပ်အား ထောက်ပံ့ပေးအပ်ခဲ့ကြသည်။
ဆက်လက်၍ တိုင်းဒေသကြီး လူမှုရေးရာဝန်ကြီး ဦးဝင်းမြတ်စိုးက မုံရွာဘိုးဘွားရိပ်သာမှ အဘိုးအဘွားများအတွက် တစ်နေ့တာအဟာရ အလှူငွေကျပ် - ၃၁၅၀၀၀ (သုံးသိန်းတစ်သောင်းငါးထောင်)ကျပ်အားလည်းကောင်း၊ တိုင်းဒေသကြီး လူမှုဝန်ထမ်းဦးစီးဌာနမှ တိုင်းဒေသကြီးဦးစီးမှူးမှ ရွှေရောင်ဆည်းဆာ ဘိုးဘွားရိပ်သာအတွက် တစ်နေ့တာအဟာရ အလှူငွေကျပ် - ၁၇၅၀၀၀ (တစ်သိန်းခုနှစ်သောင်းငါးထောင်)ကျပ်အား ထောက်ပံ့ပေးအပ်ခဲ့ကြသည်။
ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့်ဇနီး၊ တိုင်းဒေသကြီး တရာသူကြီးနှင့်ဇနီး၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များနှင့် တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာများက အခမ်းအနားသို့ တက်ရောက်လာကြသော အဘိုး၊အဘွား ၉၉ ဦးထံ ထောက်ပံ့ငွေနှင့် တိုင်းရင်းဆေးများအား အသီးသီးလက်ရောက်ပေးအပ်ခဲ့ကြပြီး တိုင်းဒေသကြီး လူမှုဝန်ထမ်းဦးစီးဌာနဝန်ထမ်းများမှ ၂၀၂၃-ခုနှစ်၊ အပြည်ပြည်ဆိုင်ရာ သက်ကြီးရွယ်အိုများနေ့အား ဂုဏ်ပြုကြိုဆိုသောအားဖြင့် “ မင်္ဂလာဆုတောင်း ” တေးသီချင်းဖြင့် ကပြဖျော်ဖြေကြသည်။
ဆက်လက်ပြီး အဘိုး၊အဘွားများကိုယ်စား မုံရွာဘိုးဘွားရိပ်သာမှ အဘိုးတစ်ဦးက ကျေးဇူးတင်စကားပြန်လည်ပြောကြားပြီး တိုင်းဒေသကြီး ဝန်ကြီးချုပ်က အခမ်းအနားသို့ တက်ရောက်လာကြသော အဘိုး၊အဘွားများအား ရင်းရင်းနှီးနှီးလိုက်လံနှုတ်ဆက်အားပေးကာ အခမ်းအနားကို ရုပ်သိမ်းခဲ့ကြောင်း သိရသည်။