စစ်ကိုင်းတိုင်းဒေသကြီးသတင်းများ

မုံရွာခရိုင် အရာတော်မြို့နယ် ကမ်းဖြူကျေးရွာတွင် မိရိုးဖလာ ထန်းခေါက်တောင်းရက်လုပ်သည့်လုပ်ငန်း အောင်မြင်ဖြစ်ထွန်းလျက်ရှိ

e5

မုံရွာ   ဇွန်   ၇

            မုံရွာခရိုင်၊ အရာတော်မြို့နယ်သည် အပူပိုင်းဒေသအတွင်းကျရောက်လျက်ရှိပြီး ထန်းပင်များပေါများစွာပေါက်ရောက်လျက်ရှိပြီး၊ ထန်းလျက်ချက်လုပ်ငန်းကို လုပ်ကိုင်ကြသည့်အပြင် မုံရွာ-အရာတော်လမ်းမပေါ်ရှိ ကမ်းဖြူကျေးရွာသည် မိရိုးဖလာလုပ်ငန်းအဖြစ်ထန်းလက်ဖြင့် ပက်လက်ထိုင်ခုံများ၊ ထန်းလက်လျှော် ထုတ်လုပ်ပြီး မိသားစုလိုက် ထန်းခေါက်တောင်း ရက်လုပ်ငန်းလုပ်ကိုင်လျက် ဝင်ငွေများရရှိလျက်ရှိကြောင်း သိရသည်။

            ထန်းခေါက်တောင်းရက် လုပ်ငန်းနှင့် ပတ်သက်ပြီး`` ကျွန်မတို့ကျေးရွာမှာ ထန်းခေါက်တောင်းရက် လုပ်ငန်းကို မိရိုးဖလာလုပ်ငန်းတစ်ခုအဖြစ် လုပ်ကိုင်ကြတာပါ၊ ဟိုတုံးကတော့ ထန်းခေါက်လျှော်က ကျေးရွာ ဝန်းကျင်မှာတင်ရတယ်၊  အခုနောက်ပိုင်းကျတော့ ဒီလုပ်ငန်းလုပ်ကိုင်တဲ့သူတွေများလာတော့ ထန်းလျှော်တွေ ကို ခပ်ဝေးဝေးကျေးရွာတွေမှာ သွားပြီးဝယ်ကြရတယ်၊ ထန်းခေါက်လျှော်ပြား (၁၀၀)ပါတဲ့အစည်းတစ်စီးကို ငွေကျပ် (၃၅၀၀)ကျပ်ဈေးပေးရတယ်၊ အဲဒီလျှော်စီးတစ်စီးကို တစ်တင်းဝင်တောင်း (၇)တောင်းရတယ်၊ တောင်းတစ်လုံးကို ငွေကျပ် (၁၅၀၀)ကျပ်ဈေးရတယ်၊ ထန်းလျှော်တွေကို တစ်ညရေစိမ်ပြီး အမျိုးသားတွေက ထန်းလျှော် သပ် လုပ်ငန်းကို လုပ်ကြတယ်၊ သပ်ပြီးသားလျှော်တွေကို တစ်ညပြန်ရေစိမ်ပြီး အမျိုးသမီးတွေက တောင်းရက်လုပ်ငန်းလုပ်ကြတယ်၊ တောင်းရက်ကျွမ်းကျင်တဲ့အမျိုးသမီးတစ်ဦး ရက်ရင် တစ်ရက်ကို(၁၀)လုံးက နေ(၁၄)လုံး လောက်အထိပြီးတယ်၊ တောင်းရက်လုပ်ငန်းက အငှားရက်ရင်တော့ ထန်းလျှော်တစ်ရာပါ တစ်စီးကို ငွေကျပ် (၃၀၀၀)လောက်ပဲကျန်တယ်၊ ထန်းခေါက်လျှော်နဲ့ တစ်တင်းခွဲ၊ တစ်တင်း၊ ခွဲတောင်းနှင့် တောင်းအသေးများကို ရက်လုပ်ကြတယ် ဟိုတုံးကတော့ တောင်းရက်လုပ်ငန်းက သိပ်ပြီးအဆင်မပြေဘူး၊ အခုနောက်ပိုင်း (၂)နှစ်လောက်ရှိပြီ လုပ်ငန်းတွင်ကျယ်လာတာ ဒီနှစ်ဆိုတောင်းမှာတဲ့သူတွေပိုပြီး ပေါလာတယ်၊ ဒီလုပ်ငန်းက မိုးရာသီက ဈေးသိပ်ပြီးမကောင်းဘူး၊  သီးနှံပေါ်တဲ့နွေရာသီအချိန် မှာတဲ့သူပေါပြီး ဈေးကောင်းရတယ်၊ ထွက်ရှိလာသည့် တောင်းများကို မုံရွာ၊ မန္တလေးနှင့်ကလေးမြို့များသို့ တင်ပို့ရောင်းချပါတယ်၊ ဒီလုပ်ငန်းက အငှားလိုက်ရက်တဲ့သူလည်း တွက်ချေကိုက်တယ်၊မိသားစုလိုက်လုပ်နိုင်ရင် ကိုယ့်အတွက် ငွေများများကျန်တယ်´´ ဟု  ကမ်းဖြူကျေးရွာမှ  ထန်းခေါက်တောင်းရက်လုပ်ငန်းလုပ်ကိုင်သူ အမျိုးသမီးတစ်ဦးက ပြောသည်။

            အဆိုပါ ကန်းဖြူကျေးရွာတွင် ဆေးလိပ်ခုံ လုပ်ငန်းအပြင် ထန်းခေါက်လျှော်ဖြင့် တောင်းအမျိုးမျိုး၊ ထန်းခေါက်ထိုင်ခုံ လုပ်ငန်းများဖြင့် လုပ်ကိုင်လျက်ရှိရာ ထန်းခေါက်တောင်းရက်လုပ်ငန်းဖြင့် မိသားစုဝင်ငွေများရရှိလျက်ရှိကြောင်း သိရသည်။

ကြက်ငှက်တုပ်ကွေးရောဂါဖြစ်ပွားခဲ့သည့် မုံရွာကြက်ငုံးမွေးမြူရေးဇုန်တွင် ဇီဝလုံခြုံရေး အသိပညာပေးသင်တန်း ဖွင့်လှစ်မည်

 

                                                                                                                                                      မုံရွာ   ဇွန် ၇

            စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရာမြို့ ကြက်ငုံးမွေးမြူရေးအထူးဇုန်မှ မွေးမြူရေးလုပ်ငန်းရှင်များ မွေးမြူရေး လုပ်ငန်းများတွင် ဇီဝလုံခြုံရေးဆိုင်ရာများကို သိရှိနားလည်စေရန်အတွက် တိုင်းဒေသကြီးမွေးမြူရေးနှင့် ကုသရေးဦးစီးဌာနနှင့် FAO တို့ပူးပေါင်းပြီး ဇီဝလုံခြုံရေးအသိပညာပေးသင်တန်းအား အဆိုပါကြက်ငုံးမွေးမြူရေး ဇုန်ရှင်းလင်းဆောင်တွင်ဖွင့်လှစ်သွားမည်ဖြစ်ကြောင်း သိရသည်။

            ဇီဝလုံခြုံရေးသင်တန်းဖွင့်လှစ်မည့်အစီအစဉ်နှင့်ပတ်သက်ပြီး ''မုံရွာကြက်ငုံးမွေးမြူရေးဇုန်မှာ ဇီဝလုံ ခြုံရေးကိုအထူးသတိပြုမွေးမြူနိုင်ရေးအတွက် ကျွန်တော်တို့ဦးစီးဌာနနဲ့FAO တို့ပူးပေါင်းပြီး ဖွင့်လှစ်သင်ကြားပေးသွားမှာပါ၊ ဇုန်မှာ မွေးမြူရေးလုပ်ငန်းရှင် (၂ဝဝ)ကျော်ရှိတာကြောင့် တစ်ရက်ကို လူဦးရေ (၅ဝ)နဲ့ (၄)သုတ်ခွဲပြီးသင်ကြားပေးသွားမှာပါ''ဟု တိုင်းဒေသကြီးမွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ တာဝန်ရှိ သူ တစ်ဦးကပြောသည်။

            အဆိုပါဇီဝလုံခြုံရေးသင်တန်းအား ဇွန်လ(၉)ရက်နေ့မှ (၁၂)ရက်နေ့အထိ တစ်ရက်လျင်လူဦးရေ (၅ဝ)ဦးနှုန်းဖြင့် တိုင်းဒေသကြီးမွေးမြူရေးနှင့်ကုသရေးဦးစီးဌာနနှင့် FAO တို့ မှပညာရှင်များမှ ဦးစီးပြီး(၄)ရက်ကြာသင်ကြားပေးသွားမည်ဖြစ်ကြောင်း သိရသည်။

မဟာအသဒိသ သာမဏေရ ပဗ္ဗဇမင်္ဂလာ ရှင်(၇၀၁၂)ပါး ရှင်ပြုမဟာ ကုသိုလ်အလှူတော်တွင် ပါဝင်ကုသိုလ်ယူခဲ့သူများအား ဂုဏ်ပြုပွဲအခမ်းအနား

မဟာအသဒိသ သာမဏေရ ပဗ္ဗဇမင်္ဂလာ ရှင်(၇၀၁၂)ပါး ရှင်ပြုမဟာ ကုသိုလ်အလှူတော်တွင် ပါဝင်ကုသိုလ်ယူခဲ့သူများအား ဂုဏ်ပြုပွဲအခမ်းအနား မြောင်မြို့နယ်၊ ဘူးကိုင်းစံပြကျေးရွာတွင် ကျင်းပ

zz1

 

မုံရွာ  ဇွန်    (၂)

            မဟာအသဒိသ သာမဏေရ ပဗ္ဗဇမင်္ဂလာ ရှင်(၇၀၁၂)ပါးအား ရှစ်ပါးပရိက္ခရာ စုံလင်စွာဖြင့် မြင့်မြတ်သော     သာသနာ့ဘောင်သို့  ဒေသထုံးလမ်းစဉ်လာနှင့်အညီ သွတ်သွင်းသည့် ရှင်ပြုမဟာကုသိုလ်အလှူတော်တွင် ပါဝင်ကုသိုလ်ယူခဲ့သူများအား ဂုဏ်ပြုပွဲအခမ်းအနားကို ဇွန်လ(၂)ရက်နေ့က ညနေပိုင်းက စစ်ကိုင်းခရိုင်၊ မြောင်မြို့နယ် ဘူးကိုင်းစံပြကျေးရွာတွင် ကျင်းပ ပြုလုပ်ရာ အခမ်းအနားသို့ ရန်ကုန်တိုင်းဒေသကြီး သံဃာ့ နာယက ဆရာတော် ဘဒ္ဒနဣဒ္ဓိဗလ(အဂ္ဂမဟာ သဒ္ဓမ္မဇောတိကဓဇ) ဇေယျာလူမူထူးချွန် (ပထမအဆင့်) ၊ စစ်ကိုင်းတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးသာအေး၊ အနောက်မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူးနှင့် တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ တိုင်းဒေသကြီး/ ခရိုင်/ မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ ရှင်ပြုမဟာကုသိုလ်အလှူတော်တွင် ပါဝင်ကုသိုလ်ယူခဲ့သူများနှင့် ဒေသခံများ တက်ရောက်ခဲ့ကြသည်။

            ရှေးဦးစွာ အခမ်းအနားကို နမောတဿ (၃)ကြိမ်ရွတ်ဆို ဘုရားကန်တော့ပြီးဖွင့်လှစ်ကာ ရန်ကုန်တိုင်းဒေသကြီး သံဃာ့နာယက ဆရာတော် ဘဒ္ဒနဣဒ္ဓိဗလ  (အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ) ဇေယျာလူမူထူးချွန် (ပထမအဆင့်) အရှင်သူမြတ်မှ အလှူတော်ကြီး အောင်မြင်စွာ ကျင်းပပြီးစီးမှုနှင့် ပတ်သက်ပြီး ဝမ်းမြောက် သာဓုအနုမောဓနာစကား ပြောကြားသည်။

            ယင်းနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးသာအေးက အဖွင့်အမှာစကား ပြောကြားကာ   ဆရာတော်ကြီးမှ မုံရွာမြို့ ပြည်သူ့ဆေးရုံကြီးသို့ ငွေကျပ်သိန်း (၁၅၀)အား လှူဒါန်းပြီး ရွှေသံလွင်ကုမ္မဏီမှ       အလှူပွဲတွင် လုံခြုံရေးတာဝန်ယူဆောင်ရွက်ခဲ့သော မြန်မာနိုင်ငံရဲတပ်ဖွဲ့အား ဂုဏ်ပြုအလှူငွေကျပ်သိန်း      (၁၀၀)အား တာဝန်ရှိသူများထံ ပေးအပ်ချီးမြင့်ကာ အလှူပွဲတော်တွင် ဆောင်ရွက်ခဲ့သော ဌာနဆိုင်ရာများ အား ဂုဏ်ပြုမှတ်တမ်းလွှာများ ပေးအပ်ချီးမြင့်ကြသည်။

            ထို့နောက် တိုင်းဒေသကြီးအစိုးရအဖွဲ့မှ အလှူတော်မင်္ဂလာပွဲတွင် ပါဝင်ဆောင်ရွက်ခဲ့သော   ရပ်ကွက်/ကျေးရွာ အုပ်စုများအတွက် ဆိုလာနှင့် Sky Netပစ္စည်းများအား တာဝန်ရှိသူများထံပေးအပ်ထောက်ပံ့ပြီး  တိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် တိုင်းဒေသကြီး အတွင်းမှ ဂုဏ်ပြုပွဲသို့ တက်ရောက်လာသည့်   ပုဂိ္ဂုလ်များ၏ ကိုယ်စား ပြည်ထောင်စုတိုင်းရင်းသားလူမျိုးများဖွံ့ဖြိုးရေးတက္ကသိုလ် ပါမောက္ခချုပ် ဦးစိုးတင့်က ကျေးဇူးတင် ဝမ်းမြောက်စကားပြန်လည်ပြောကြားကာ ဗုဒ္ဒသာသနံ စိရံတိဌတု (၃)ကြိမ် ရွတ်ဆို ဆုတောင်းကာ အခမ်းအနားကို ရုပ်သိမ်းခဲ့သည်။ဆက်လက်၍ ဂုဏ်ပြုပွဲသို့ တက်ရောက် လာသူများအား ညစာဖြင့် တည်ခင်းဧည့်ခံခဲ့ပါသည်။

မုံရွာမြို့တွင် လေပြင်းများတိုက်ခတ်ကာ နေရာကွက်ကြား မိုးအနည်းငယ်ရွာသွန်း

 

မုံရွာ   ဇွန်(၄)

            စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့တွင် ဇွန်လ(၄)ရက်နေ့  ညနေ(၄)နာရီခွဲခန့်က လေပြင်းများ ရုတ်တရက် တိုက်ခတ်ပြီး မိုးအနည်းငယ် ရွာခဲ့ကြောင်းသိရသည်။ အဆိုပါ လေပြင်းများတိုက်ခတ်မှုကြောင့် နှစ်ချို့သစ်ပင် အချို့  သစ်ကိုင်းများ ကျိုးကျကာ လျှပ်စစ်မီးများ ခေတ္တပြတ်တောက်သွားခဲ့ပါသည်။

            လေပြင်းတိုက်ခတ်မှုနှင့် ပတ်သက်ပြီး မြိုခံတစ်ဦးမှလည်း“ မြို့ထဲမှ လေတွေစတိုက်တော့ သဲမုန်တိုင်းကျနေသလားအောက်မေ့ရတယ်။ ရှေ့ဆိုဘာမှမမြင်ရတော့ဘူး ပြီးတော့ အများစု ရုံးပြန်ချိန်၊ အလုပ်သိမ်း အိမ်ပြန်ချိန် ဆိုတော့ လမ်းပေါ်မှာ လူစည်နေတဲ့အချိန် လေကတစ်အားတိုက်တယ်။ မိုးထက် လေက တစ်အား တိုက်တယ်။ ပြီးတော့ မိုးကလည်း တစ်ချို့နေရာတွေဆို ကွက်ကြားရွာတယ်။ ကျွဲရဲဂိတ်ဘက်ဆို မိုးတော်တော် လေးကျတယ်။ နောက်ပြီး အရာတော်ဘက်မှာလည်း နဲနဲရွာတယ်လို့  ကြားတယ်။ လေထက် မိုးကိုကျွန်တော်တို့ မြိုခံတွေ တော်တော်မျှော်လင့်နေကြတယ်။ နေ့ဘက်ဆို နေကတစ်အားပူတော့ မိုးရွာရင် ပျော်ပါတယ်ဗျာ ”” ဟု ပြောကြားခဲ့ကြောင်း သိရှိရပါသည်။

မုံရွာမြို့ရှိ အခြေခံပညာကျောင်းများ ရာသီဥတုပူပြင်းမှုများကြောင့် ပုံမှန်စာသင်ချိန်များအစား အချိန်ပြောင်းလဲသင်ကြားလျက်ရှိကြောင်း

d4

မုံရွာ  ဇွန် ၄

            စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများအားလစစ်ကုံး ရာသီဥတုပူပြင်းမှုများကြောင့် ပုံမှန်စာသင်ချိန်များအစား နံနက်ပိုင်း(၇)နာရီမှ မွန်းတည့်(၁၂)နာရီအထိ ဇွန်လ (၄)ရက်နေ့မှ စတင်ကာ ပြောင်းလဲသင်ကြားလျက်ရှိကြောင်း သိရသည်။

            စာသင်ချိန်ပြောင်းလဲသင်ကြားမှုနှင့်ပတ်သက်ပြီး `အပူပိုင်းဇုန်အတွင်းမှာ မုံရွာမြို့နယ်လည်းအပါ အဝင်ဖြစ်နေတာရယ်၊ အခုနှစ်မှာလည်း အပူချိန်က ကျမသွားပဲ မြင့်တက်နေတဲ့အတွက် နေ့လည်ပိုင်း စာသင် ချိန်မှာ အဆင်မပြေတာကြောင့် အချိန်လျော့နည်းချိန်ဖြစ်တဲ့ နံနက်ပိုင်းကို ပြောင်းလဲသင်ကြားစေတာပါ၊ အပူချိန်လျော့နည်းသွားရင်တော့ ပုံမှန်စာသင်ချိန်အတိုင်း ပြန်လည်သင်ကြားသွားမှာပါ´ဟု မြို့နယ်ပညာရေးဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

            မုံရွာမြို့နယ်တွင် အခြေခံပညာမူလတန်းကျောင်း (၁၅၇)ကျောင်း၊ အလယ်တန်းနှင့်အထက်တန်း ကျောင်း (၁၈)ကျောင်းရှိရာ ဇွန်လ(၄)ရက်နေ့မှ စတင်ကာ နံနက်ပိုင်းသို့ ပြောင်းလဲသင်ကြားပေးလျက်ရှိ ကြောင်းနှင့် မုံရွာမြို့နယ်တွင် ဇွန်လ(၃)ရက်နေ့တွင် ပျမ်းမျှအပူချိန် (၄၀.၂)ဒီဂရီစင်တီဂရိတ်အထိရှိခဲ့ကြောင်း တိုင်းဒေသကြီးမိုးလေဝသနှင့်ဇလဗေဒဦးစီးဌာနမှ သိရသည်။

အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် ပန်းချီ၊ကာတွန်း၊ ပိုစတာ၊ ကွန်ပျူတာပိုစတာပြိုင်ပွဲကျင်းပ

d1

မုံရွာ  ဇွန် ၄

             အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့ အထိမ်း အမှတ် ပန်းချီ၊ကာတွန်း၊ ပိုစတာ၊ ကွန်ပျူတာပိုစတာပြိုင်ပွဲများကို ဇွန်လ(၄)ရက်န့ နံနက်(၉)နာရီက မုံရွာမြို့၊ အမှတ်(၂) အခြေခံပညာအထက်တန်းကျောင်းခန်းမတွင်ကျင်းပရာ တိုင်းဒေသကြီးအစိုးရအဖွဲ့ အတွင်းရေးမှူး ဦးစိုးစိုးဇော်နှင့်     တိုင်းဒေသကြီးရဲတပ်ဖွဲ့မှူး ရဲမှူးကြီးနေထွန်း၊ တိုင်းဒေသကြီးလူဝင်မှုကြီးကြပ် ရေးနှင့် အမျိုးသား မှတ်ပုံတင်ရေးဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဦးစိုးပိုင်မြင့်နှင့်တာဝန်ရှိသူများ တက်ရောက် ကြည့်ရှု အားပေးခဲ့ကြောင်း သိရသည်။

d2d3

             အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် ပန်းချီပြိုင်ပွဲသို့ စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာခရိုင်အတွင်းရှိ အခြေခံပညာ မူလတန်းအဆင့်ပြိုင်ပွဲတွင် ကျောင်းသား/သူ (၇)ဦး၊ အလယ်တန်းအဆင့် ပြိုင်ပွဲတွင် ကျောင်းသား/သူ(၆၅)ဦး၊ အထက်တန်းအဆင့်ပြိုင်ပွဲတွင် (၂၂)ဦး စုစုပေါင်း (၉၄)ဦးဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြောင်းနှင့် မွန်းလွဲပိုင်း (၂)နာရီတွင် ကာတွန်းပြိုင်ပွဲအား ဆက်လက်ကျင်းပခဲ့ကြောင်း သိရသည်။

            အဆိုပါပြိုင်ပွဲများမှ ဆုရကျောင်းသား/သူများကို ဇွန်လ(၂၆)ရက်နေ့တွင်ကျရောက်မည့် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့အထိမ်းအမှတ်အခမ်းအနားတွင် ဆုပေးပွဲကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။

Subcategories

သတင်း အချက်အလက်

ဒေသန္တရ အချက်အလက်များ

ခရိုင်နှင့် မြို့နယ်အလိုက် ဒေသန္တရအချက်အလက်များ

ပညာရေးကဏ္ဍ

ကျန်းမာရေးကဏ္ဍ

ဘာသာရေးကဏ္ဍ

ကျေးလက်ဖွံ့ဖြိုးရေးနှင့် ဆင်းရဲမှုလျှော့ချရေးကဏ္ဍ

ရွေးကောက်ပွဲ ကော်မရှင်ကဏ္ဍ

တိုင်းရင်းသား လူမျိုးများ

ပွဲတော်များ

Online Visitors

Flag Counter

စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့

စိန်ပန်းပြာလမ်းနှင့် ကမ်းနားလမ်းထောင့်၊ အိုးဘိုတောင်ရပ်ကွက်၊ မုံရွာမြို့။
ဖုန်း - ၀၇၁ - ၂၂၅၃၁
ဖက် - ၀၇၁ - ၂၂၅၃၇
facebook-icon