စစ်ကိုင်းတိုင်းဒေသကြီးသတင်းများ

စစ်ကိုင်းမြို့၊ သောတပန် ဆီ၊ ဆား၊ ဆေး အလှူတော် မင်္ဂလာ အခမ်းအနားနှင့် မြင်းမူမြို့၊ (၁၆) ကုတင်ဆံ့ တိုင်းရင်းဆေးရုံ အဆောက်အဦသစ် ဖွင့်ပွဲ အခမ်းအနား တက်ရောက်

တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးသာအေးနှင့် တာဝန်ရှိသူများ သည်     စက်တင်ဘာလ     (၁၉)ရက်၊   နံနက်ပိုင်းတွင်   စစ်ကိုင်းမြို့၊     နှစ် (၇၀ဝ)ပြည့်ပြည်သူ့အားကစားကွင်းတွင် ကျင်းပသော အားကစားသမားများ တည်းခိုဆောင် နှင့် စားရိပ်သာဆောင်များ ဆောက်လုပ်ရန် ပန္နက်တင်မင်္ဂလာ အခမ်းအနားသို့ တက်ရောက်ကြသည်။

ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးသာအေးနှင့် တာဝန်ရှိသူများက ပန္နက်တင်မည့် နေရာများသို့ အသီးသီး နေရာယူကြပြီး မင်္ဂလာအချိန် ကျရောက် သည်နှင့် ပန္နက်တင် မင်္ဂလာ ပြုလုပ်ကာ အမွှေးနံ့သာရေများ ပတ်ဖျန်းပေးကြပြီး ရွှေမိုးငွေမိုးများ ရွာသွင်းဖြိုးကာ အခမ်းအနားကို ရုပ်သိမ်းခဲ့သည်။

ယင်းနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးသာအေးနှင့် ဇနီး ဒေါ်ဝေဝေခိုင် တာဝန်ရှိသူများသည် စစ်ကိုင်းမြို့၊ လေးကျွန်းမာန်အောင် စေတီတော်ကြီးတွင် ကျင်းပ သော ရန်ကုန်မြို့၊ အပြည်ပြည်ဆိုင်ရာ ထေရဝါဗုဒ္ဒ သာသနာပြု တက္ကသိုလ် ပရီပတ္တိမဟာ ဌာန မဟာဓမ္မကထိက ဗဟုဇန ဟိတဓရ ဒေါတ်တာ ဘဒ္ဒန္တ အရှင်ဆေကိန္ဒ ဆရာတော်ကြီး ဦးဆောင်မှူဖြင့် တပည့်ဒါယကာ၊ ဒါယိကာမများ စုပေါင်း၍ ဒွါဒသမ အကြိမ်မြောက် သောတပန် ဆီ၊ ဆား၊ ဆေး အလှူတော် မင်္ဂလာ အခမ်းအနားသို့ တက်ရောက်ရာ တိုင်းဒသကြီး ဝန်ကြီးချုပ် ဦးသာအေးနှင့် အလှူရှင်များ၊ တာဝန်ရှိသူများက ပင့်သံဃာ ဆရာတော်များအား ဆီ၊ ဆား၊ ဆေးများ လောင်းလှူကြသည်။ ဒုတိယပိုင်း အခမ်းအနားကို ကျင်းပရာ နမောတဿ (၃)ကြိမ် ရွတ်ဆို ဘုရားကန်တော့၍ အခမ်းအနားအား ဖွင့်လှစ်ကြသည်။

ရှေးဦးစွာ စစ်ကိုင်းတောင်ရိုး ဝိပသနာ မဟာဂန္ဓာရုံ ကျောင်းတိုက် တိုင်းသံဃာ နာယကအဖွဲ့(ရွှေကျင်) အကျိုးတော်ဆောင် အဂ္ဂမဟာ၊ ဂန္တဝါစက ပဏ္ဍိတ ဘဒ္ဒန္တ ဉာဏဝရ ဆရာတော်ကြီးထံတော်မှ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးသာအေးနှင့် ဧည့်ပရိတ်သက်များ က ရှစ်ပါးသီလ ခံယူဆောက်တည်ကြသည်။ ဆရာတော်အရှင်သူမြတ်များက မေတ္တာသုတ် ပရိတ်တရား တော်များကို   ရွတ်ပွားသရဇ္ဈာယ်   ချိးမြင့်တော်မူပြီး   ပင့်သံဃာ   ဆရာတော်ကြီးများအား

တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးသာအေးနှင့် အလှူရှင်များ၊ တာဝန်ရှိသူများက ဆီ၊ ဆား၊ ဆေးနှင့် လှူဘွယ်ပစ္စည်းများ အသီးသီး ဆပ်ကပ်လှူဒါန်းကြသည်။

ယင်းနောက် ဒေါတ်တာ ဘဒ္ဒန္တ အရှင်ဆေကိန္ဒ     ဆရာတော်ကြီးထံတော်မှ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးသာအေးနှင့် အလှူရှင်များ၊ တာဝန်ရှိသူများက အနုမောဒနာ တရားနာယူကြည်ညှိပြီး လှူဒါန်းမှူ အစုစုတို့အတွက် ရေစက်သွန်းချ အမျှပေးဝေကာ ဗုဒ္ဓသာသနံ စီရံတိဌတု (၃)ကြိမ် ရွတ်ဆိုဆုတောင်းပြီး အခမ်းအနားကို ရုပ်သိမ်းခဲ့သည်။

အဆိုပါ အခမ်းအနားတွင် စစ်ကိုင်းမြို့၊ ပေါ်ရှိကျောင်းတိုက်များနှင့် သီလရှင် ကျောင်တိုက်ပေါင်း (၁၄၄၉)ကျောင်း၊ အတွက် ဆီ(၁၉၂၅၀)ပိသာ၊ ဆား(၁၉၂၅၀)ပိသာ၊ ဆေး(၁၉၂၅၀)မျိုးစုံ၊ စုစုပေါင်း လှူဒါန်းငွေကျပ် သိန်း (၁၂၁၄၀ဝ၀ဝ၀)အား လှူဒါန်းခဲ့ကြ သည်။

ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးသာအေးနှင့် တာဝန်ရှိသူများသည် မွန်းလွဲပိုင်းတွင် မြင်းမူမြို့၊ (၁၆)ကုတင်ဆံ့ တိုင်းရင်းဆေးရုံ အဆောက်အဦသစ် ဖွင့်ပွဲ အခမ်းအနားအား တက်ရောက်ကြသည်။

ရှေးဦးစွာ ကျန်းမာရေးဝန်ကြီးဌာန၊ ပြည်ထောင်စု ဒုတိယဝန်ကြီး ဦးဝင်းမြင့်၊ တိုင်းဒေသကြီး လူမူရေးဝန်ကြီး ဒေါတ်တာမြင့်သိန်း၊ ကျန်းမာရေးဝန်ကြီးဌာန၊ ညွှန်ကြား ရေးမှူးချုပ် ဒေါ်ရီရီမြင့်၊ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးသိန်းဆွေ တို့က အခမ်းအနားအား ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးကြသည်။

ယင်းနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးသာအေးက မြင်းမူမြို့၊ (၁၆) ကုတင်ဆံ့ တိုင်းရင်းဆေးရုံ ဆိုင်းဘုတ်အား စက်ခလုတ်နှိတ်ဖွင့်လှစ်ပေးပြီး ကဗည်း ကျောက်စာအား အမွှေးနံ့သာရေများ ပတ်ဖျန်းပေးကာ အဆိုပါအဆောက်အဦရှေ့တွင် မှတ်တမ်းဓါတ်ပုံရိုက်ကူးကြသည်။တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးသာအေးနှင့် တာဝန်ရှိသူများက ဆေးရုံအတွင်းလှည့်လည် ကြည့်ရူ့စစ်ဆေးပြီး ဆေးကုသမှုခံယူနေသော လူနာများအား အဟာရပစ္စည်းများ ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိသည်။

စစ်ကိုင်းတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးသာအေး သဘာဝဘေးပြန်လည်ထူထောင်ရေးလုပ်ငန်းညှိနှိုင်း အစည်းအဝေး တက်ရောက်

   စစ်ကိုင်းတိုင်းဒေသကြီး သဘာဝဘေးပြန်လည်ထူထောင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို စက်တင်ဘာလ(၁၈)ရက်၊ မွန်းလွဲပိုင်းတွင် တိုင်းဒေသကြီးအစိုးရအဖွဲ့ အစည်းအဝေးခန်းမတွင်ကျင်းပရာ အစည်းအဝေးသို့ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးသာအေး၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ တိုင်းဒေသကြီးဥပဒေချုပ်၊ စာရင်းစစ်ချုပ်နှင့် တိုင်းဒေသကြီး ပြန်လည်ထူထောင်ရေးကော်မတီအတွင်းရေးမှူးများ၊ တိုင်းဒေသကြီးအဆင့်ဌာနဆိုင်ရာများ တက်ရောက်ကြသည်။

             ရှေးဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးသာအေးက အမှာစကားပြောကြားပြီး တိုင်းဒေသကြီးပြန်လည်ထူထောင်ရေးဆပ်ကော်မတီအတွင်းရေးမှုးများက မိမိတို့ တာဝန်ယူဆောင်ရွက်နေသော ရေဘေးသင့်ဒေသများ ပြန်လည်ထူထောင်ရေးလုပ်ငန်းများ ဆောင်ရွက်ထားရှိမှုနှင့် ဆက်လက်ဆောင်ရွက်မည့်လုပ်ငန်းများအား အသီးသီးဆွေးနွေး တင်ပြကြသည်။

     ထို့နောက် တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့် အစည်းအဝေးသို့ တက်ရောက်လာသူများက ပြန်လည်ထူထောင်ရေးလုပ်ငန်းများနှင့်ပတ်သက်၍ အသီးသီး ဖြည့်ဆွက် တင်ပြကြသည်။

                ယင်းနောက် တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးသာအေးက ရေဘေးသင့်ဒေသများအတွက် ပညာရေး၊ ကျန်းမာရေး၊ စိုက်ပျိုးရေး၊ လမ်းပန်းဆက်သွယ်ရေး၊ လျှပ်စစ်မီးလင်းရေး၊ စားဝတ်နေရေး၊ ပြန်လည်ထူထောင်ရေးလုပ်ငန်းများနှင့်ပတ်သက်၍ အသီးသီးတင်ပြချက်များအပေါ် လိုအပ်သည်များကို တာဝန်ရှိသူများနှင့် ညှိနှိုင်းပေါင်းစပ်ဆောင်ရွက်ပေးကာ နိဂုံးချုပ်စကားပြောကြားပြီး အစည်းအဝေးကို ရုပ်သိမ်းခဲ့သည်။

မြစိမ်းရောင်(ငါးကဏ္ဍ)စီမံကိန်းအတွက်ကျေးရွာ(၁ဝ)ရွာသို့ အရင်းမပျောက်မတည်ရင်းနှီးငွေများထပ်မံထုတ်ပေးမည်ဖြစ်ကြောင်းသိရ

တိုင်းဒေသကြီး သားငါးထုတ်လုပ်မှုကဏ္ဍ ဖွံ့ဖြိုးတိုးတက်စေရန်နှင့် ရေလုပ်သားများဘဝမြင့်မား တိုးတက်စေရန်ရည်ရွယ်ပြီး မွေးမြူရေး ရေလုပ်ငန်းနှင့်ကျေးလက်ဒေသဖွံ့ဖြိုးရေးဝန်ကြီးဌာန ၊ငါးလုပ်ငန်း ဦးစီးဌာနမှ ရေလုပ်သားကျေးရွာများသို့ မြစိမ်းရောင်(ငါးကဏ္ဍ)စီမံကိန်းအတွက် အရင်းမပျောက် မတည်ရင်းနှီးငွေများကို ကျေးရွာတစ်ရွာလျှင် ငွေကျပ်သိန်း(၃ဝဝ)အား ထုတ်ချေးပေးလျက်ရှိရာ ၂၀၁၅-၂၀၁၆ဘဏ္ဍာနှစ်တွင်လည်း ရေလုပ်ငန်းအဓိကလုပ်ကိုင်သောကျေးရွာ(၁ဝ)ရွာသို့ ထပ်မံထုတ်ပေး သွားမည်ဖြစ်ကြောင်း တိုင်းဒေသကြီး ငါးလုပ်ငန်းဦးစီးဌာနမှ သိရသည်။

အဆိုပါမြစိမ်းရောင်(ငါးကဏ္ဍ)စီမံကိန်းသည် ရေလုပ်ငန်းကိုအဓိကလုပ်ကိုင်ကြသော ကျေးရွာများရှိ ရေလုပ်သားများ မိမိတို့လုပ်ငန်းများကို တိုးချဲ့လုပ်ကိုင်နိုင်ပြီး၊ အဆိုပါလုပ်ငန်းများဖွံ့ဖြိုးတိုးတက်လာသည် နှင့်အမျှ ရရှိလာမည့် အကျိုးအမြတ်တို့ကို မိမိတို့ကိုယ်တိုင်ခံစားရသည့်အပြင် ကျေးရွာဖွံ့ဖြိုးရေးလုပ်ငန်း များတွင် ပိုမိုပါဝင်လုပ်ကိုင်နိုင်မည်ဖြစ်ကြောင်း သိရသည်။

'' အခုနှစ်မှာ ထုတ်ပေးမဲ့ မြစိမ်းရောင်(ငါးကဏ္ဍ)ချေးငွေတွေကို ရေကြီးနစ်မြုပ်ခဲ့တဲ့ ချင်းတွင်းမြစ် နဲ့ ဧရာဝတီမြစ်ကမ်းနံဘေးကကျေးရွာတွေ၊ ဧရာဝတီမြစ်ရိုးတစ်လျောက်မှာရှိတဲ့ ဧရာဝတီလင်းပိုင်ကာကွယ် စောင့်ရှောက်ရေး ရေလုပ်သားကျေးရွာတွေကို ဦးစားပေးထားပါတယ်၊ အခုချေးငွေထုတ်ပေးမဲ့မြို့နယ် တွေနဲ့ ကျေးရွာတွေက မြစိမ်းရောင်စီမံကိန်းချေးငွေထုတ်ပေးနိုင်ဖို့အတွက် ကြီးကြပ်မှုကော်မတီတွေဖွဲ့နေပါပြီ စက်တင်ဘာလအကုန်ဆိုရင်တော့ အားလုံးထုတ်ပေးနိုင်မှာပါ၊ အရင်နှစ်ကထုတ်ချေးပေးတဲ့ ကျေးရွာ တွေက ရေလုပ်သားတွေက ကျေးရွာအတွက် အဲဒိချေးငွေကို အတိုးနှုန်း(၁)ကျပ်နှုန်းကနေတစ်ကျပ်ခွဲနှုန်း လောက်အထိ သတ်မှတ်ပြီး ကြီးကြပ်မှုကော်မတီတွေကထုတ်ပေးပါတယ်၊ အဲဒိရရှိလာတဲ့ အတိုးငွေတွေနဲ့ ကျေးရွာအတွက် လမ်း/တံတား၊ လျှပ်စစ်မီးလင်းရေး၊ သန့်ရှင်းသောသောက်သုံးရေရရှိရေးကဏ္ဍတွေမှာ ပြန်သုံးစေတယ်၊ နောက်ပြီးပိုတဲ့အတိုးငွေတွေကို ကျေးရွာမှာလုပ်ငန်းအသစ်တိုးချဲ့လုပ်ကိုင်လိုသူတွေကို ထပ်ပြီးထုတ်ချေးပေးတဲ့ အတွက်အတော်ကိုအကျိုးရှိစေပါတယ်၊ အခုထပ်ပြီးထုတ်ပေးမဲ့ကျေးရွာတွေလည်း အဲဒိကျေးရွာတွေလိုပဲ လုပ်ဆောင်သွားမှာပါ''ဟု တိုင်းဒေသကြီးငါးလုပ်ငန်းဦးစီးမှူးကပြောသည်။

၂ဝ၁၅-၂ဝ၁၆ ဘဏ္ဍာနှစ်အတွက် စစ်ကိုင်းတိုင်းဒေသကြီးအတွင်းရှိ ထီးချိုင့်မြို့နယ်အတွင်းမှ ဒိုးပင် ကျေးရွာ၊ ကလေးမြို့နယ်အတွင်းမှ အင်းစိန်ကျေးရွာနှင့်နတ်ကြီးကုန်းကျေးရွာ၊ ကလေးဝမြို့နယ်အတွင်းမှ တုံနန်းကျေးရွာ၊ ကောလင်းမြို့နယ်အတွင်းမှ ကျေးအင်းနှင့်ညောင်ဝင်းကျေးရွာ၊ ဝန်းသိုမြို့နယ်အတွင်းမှ ပိန္နဲကုန်း ကျေးရွာ၊ ဟုမ္မလင်းမြို့နယ်အတွင်းမှကက်သာနှင့်မင်းသာယာကျေးရွာ၊ ဝက်လက်မြို့နယ်အတွင်းမှ အင်ဒေါင်း ကျေးရွာများသို့ ထုတ်ပေးသွားမည်ဖြစ်ကြောင်းနှင့် ၂ဝ၁၄-၂ဝ၁၅ ဘဏ္ဍာနှစ်တွင် တိုင်းဒေသကြီး အတွင်းမှ ကျေးရွာ(၁၁)ရွာသို့လည်း မြစိမ်းရောင်(ငါးကဏ္ဍ)ကိန်းအရင်းမပျောက် မတည်ရင်းနှီးငွေများ ထုတ်ချေး ပေးထားကြောင်း သိရသည်။

ရေကြီးနစ်မြုပ်ခဲ့သော ပုဂ္ဂလိကငါးမွေးမြူရေးလုပ်ငန်းရှင်များသို့ ငါးသားပေါက်များ အခမဲ့ဖြန့်ဝေပေးလျက်ရှိ

စစ်ကိုင်းတိုင်းဒေသကြီးအတွင်း ဇူလိုင်လနှင့် သြဂုတ်လအတွင်း မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် ရေကြီးရေလျှ့မှုများ ဖြစ်ပေါ်ကာ ပျက်စီးဆုံးရှုံးခဲ့သော ပုဂ္ဂလိကငါးမွေးမြူရေးလုပ်ငန်းရှင်များအား ပျက်စီးဆုံးရှုံးမှု အခြေအနေပေါ်မူတည်ပြီး ငါးလုပ်ငန်းဦးစီးဌာနနှင့် မြန်မာနိုင်ငံငါးမွေးမြူရေး လုပ်ငန်းရှင်များအသင်းမှ ငါးသားပေါက်များ၊ငါးသားဖောက်ရန် ငါးအထီးအမများအား ထောက်ပံ့ ပေးအပ်လျက်ရှိကြောင်း တိုင်းဒေသကြီးငါးလုပ်ငန်းဦးစီး ဌာနမှ သိရသည်။

            ]] ပထမအကြိမ်အနေနဲ့ကတော့ ကောလင်းမြို့နယ်မှ ဦးဝင်းအောင်ပိုင်ပုဂ္ဂလိကငါးသားဖောက်စခန်း အတွက်ငါးသားဖောက်လုပ်ငန်းများ ပြန်လည်လုပ်ကိုင်နိုင်ရန်အတွက်အလေးချိန်(၁၃၂ဒသမ၅) ကီလိုဂရမ်ရှိ ငါးမြစ်ချင်းအထီးအမ အစုံ(၅၀)၊ ကောလင်းနဲ့ဝန်းသိုမြို့နယ်အတွင်းက ရေကြီးနစ်မြုပ်ခဲ့တဲ့ မွေးမြူရေး လုပ်ငန်းရှင် (၅၃)ဦးပိုင် ငါးမွေးမြူရေးကန် (၁၁၄ဒသမ၈၇)ဧကအတွက် ငါးမြစ်ချင်းငါးသန် သားပေါက် ကောင်ရေ(၅)သိန်း၊ ရေဦးမြို့နယ်အတွင်းရှိ(၁၈ဒသမ၈၄)ဧကအတွက် ကောင်ရေ(၄၈၄၀ဝ)၊ ဒီပဲယင်းမြို့နယ် အတွင်းရှိ (၁ဒသမ၈)ဧကအတွက် ကောင်ရေ (၅၅၀ဝ)ကောင်တို့ကို ဖြန့်ဝေပေးခဲ့ပြီးပါပြီ၊ အခုကျန်တာက ကလေးခရိုင်အတွင်းက ပျက်စီးခဲ့တဲ့ ငါးကန်တွေအတွက်ပါ၊ လုပ်ငန်းရှင် (၇၄)ဦးပိုင်တဲ့ (၁၃၈ဒသမ၉၇)ဧက အကျယ်ရှိတဲ့(၁၅၅)ကန်ရှိတယ် လို့သိရတယ်၊ မြေပြင်ပျက်စီးဆုံးရှုံးမှု အခြေအနေတွေကို စစ်တမ်းကောက် နေပါတယ်၊ ပျက်စီးမှုအခြေအနေပေါ်တည်ပြီး တစ်ဧကကို ငါးသားပေါက် အကောင်ရေ (၃၀ဝ၀)ကနေ (၅၀ဝ၀)ကောင်အထိ ထောက်ပံ့ပေးသွားမှာပါ}}ဟု စစ်ကိုင်းတိုင်းဒေသကြီးငါးလုပ်ငန်းဦးစီးမှူးက ပြောသည်။

            ထို့အပြင် ရေကြီးနစ်မြုပ်ခဲ့သော ကလေး၊ ကောလင်းနှင့် ရွှေဘိုမြို့နယ်အတွင်းရှိ ဘိုရုံနှင့် ရွာသစ် ကုန်းကျေးရွာတို့တွင် တိုင်းဒေသကြီးငါးလုပ်ငန်းဦးစီးဌာနမှ ကြီးမှူးကြီး ဒေသခံငါးမွေးမြူရေးလုပ်ငန်းရှင် များအား ဆေးထိုးသားဖောက်နှင့် အခြေခံငါးမွေးမြူရေးသင်တန်းများ ဖွင့်လှစ်သင်ကြားပေးသွားမည် ဖြစ်ကြောင်း သိရသည်။

စစ်ကိုင်းတိုင်းဒေသကြီး ၀န်ကြီးချုပ် ဦးသာအေး MCC Polytechnic (Monywa) သင်တန်းခန်းမဖွင့်ပွဲ အခမ်းအနား တက်ရောက်

        စစ်ကိုင်းတိုင်းဒေသကြီး  MCC Polytechnic (Monywa) သင်တန်းခန်းမဖွင့်ပွဲ အခမ်းအနားကို စက်တင်ဘာလ (၁၆)ရက်၊ နံနက်ပိုင်းတွင် မုံရွာမြို့၊ မြို့တော်ခန်းမတွင် ကျင်းပရာ အခမ်းအနားသို့ စစ်ကိုင်းတိုင်းဒေသကြီး ၀န်ကြီးချုပ် ဦးသာအေး၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင် ၀န်ကြီးများ၊ တိုင်းဒေသကြီး/ ခရိုင်/ မြို့နယ်အဆင့် ဌာနဆိုင်ရာအကြီး အကဲများ၊ MCC Polytechnic (Monywa)မှ တာဝန်ရှိသူများနှင့် သင်တန်းသား သင်တန်းသူများ၊ ဖိတ်ကြားထားသော ဧည့်သည်တော်များ တက်ရောက်ကြသည်။

      ရှေးဦးစွာ တိုင်းဒေသကြီး လူမူရေး ၀န်ကြီး ဒေါတ်တာမြင့်သိန်း၊ MCC Group Chairman ဦးတင်ဝင်းအောင်တို့က  MCC Polytechnic (Monywa) သင်တန်းခန်းမအား ဖဲကြီိုးဖြတ် ဖွင့်လှစ်ကြသည်။

      ယင်းနောက် တိုင်းဒေသကြီး ၀န်ကြီးချုပ် ဦးသာအေးနှင့် MCC Polytechnic (Monywa)မှ တာဝန်ရှိသူများက  အဆိုပါသင်တန်းခန်းမရှေ့တွင် မှတ်တမ်းဓါတ်ပုံရိုက်ကူး ကာ သင်တန်းခန်းများနှင့် သင်ထောက်ကူပစ္စည်းများအား လှည့်လည်ကြည့်ရူ့ စစ်ဆေးခဲ့ သည်။

      ထို့နောက် MCC Polytechnic (Monywa) သင်တန်းခန်းမဖွင့်ပွဲ ဒုတိယပိုင်း အခမ်းအနားကို ကျင်းပရာ တိုင်းဒေသကြီး ၀န်ကြီးချုပ် ဦးသာအေးက အမှာစကား ပြောကြားပြီး  MCC Group Chairman ဦးတင်ဝင်းအောင်က MCC Polytechnic (Monywa) သင်တန်း ဖွင့်လှစ်ရခြင်းနှင့် ပတ်သက်၍ ရှင်းလင်းတင်ပြသည်။

      ဆက်လက်ပြီး MCC Polytechnic (Monywa) သင်တန်းတက်ရောက်မည့် သင်တန်းသားတစ်ဦးက သင်တန်းတက်ရောက်ရသည့် ရည်ရွယ်ချက်အား ရှင်းလင်းပြော ကြားကာ အခမ်းအနားကို ရုပ်သိမ်းခဲ့သည်။

        ဆက်လက်၍ တိုင်းဒေသကြီး ၀န်ကြီးချုပ် ဦးသာအေးနှင့် တာဝန်ရှိသူများ သည် မုံရွာမြို့၊ ပြည်သူ့ဆေးရုံကြီး ကုတင်(၅၀၀)ဆံ့၊ တိုးချဲ့(၅)ထပ် လူနောဆောင် အဆောက်အဦသစ် ဆောက်လုပ်နေမှုအား လှည့်လည်ကြည့်ရူ့ စစ်ဆေးပြီး လိုအပ်သည် များကိုတာဝန်ရှိသူများနှင့် ညှိုနှိင်းပေါင်းစပ် ဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိသည်။

၂ဝ၁၅ ခုနှစ်၊ တိုင်းဒေသကြီးဝန်ကြီးချုပ်ဖလားခရိုင်အလိုက်(အလွတ်တန်း)ပိုက်ကျော်ခြင်းပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ပွဲကျင်းပ

20150917

            တိုင်းဒေသကြီးဝန်ကြီးချုပ်ဖလား ခရိုင်အလိုက်(အလွတ်တန်း)ပိုက်ကျော်ခြင်းပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ပွဲကို စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့၊ တိုင်းဒေသကြီးအားကစားကွင်းရှိ မိုးလုံလေလုံအားကစားရုံတွင် စက်တင်ဘာလ(၁၅)ရက်နေ့ နံနက်(၉)နာရီကကျင်းပရာ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး ကျော်သန့်နိုင်၊ တိုင်းဒေသကြီးလူမှုရေးဝန်ကြီး ဒေါက်တာမြင့်သိန်း၊ တိုင်းဒေသကြီးပိုက်ကျော်ခြင်းအားကစားဆပ်ကော်မတီဥက္ကဋ္ဌ၊ တိုင်းဒေသကြီး၊ ခရိုင်၊ မြို့နယ်အဆင့်ဌာနဆိုင်ရာအကြီးအကဲများ၊ မုံရွာပညာရေးကောလိပ်မှ သင်တန်းသားများ၊ ကျောင်းသား၊ ကျောင်းသူများ၊ ပိုက်ကျော်ခြင်းပြိုင်ပွဲအားကစားသမားများ၊ ဝါသနာရှင်များတက်ရောက်ကြသည်။

            အခမ်းအနားတွင် ဗိုလ်လုပွဲအဖြစ် မုံရွာခရိုင်အသင်းနှင့် စစ်ကိုင်းခရိုင်အသင်းတို့ ယှဉ်ပြိုင်ကစားကြရာ စစ်ကိုင်းခရိုင်အသင်းက အနိုင်ရရှိခဲ့ပြီး တာဝန်ရှိသူများမှ ဆုများအသီးသီး ချီးမြှင့်ပေးအပ်ခဲ့သည်။

            ၂ဝ၁၅ ခုနှစ် စစ်ကိုင်းတိုင်းဒေသကြီးဝန်ကြီးချုပ်ဖလား ခရိုင်အလိုက်(အလွတ်တန်း)ပိုက်ကျော်ခြင်းပြိုင်ပွဲအား တိုင်းဒေသကြီးအတွင်းရှိ ခရိုင်(၉)ခုမှ ပြိုင်ပွဲဝင်အမျိုးသားအသင်း (၉)သင်းနှင့် အမျိုးသမီးအသင်း(၆)သင်းတို့ဖြင့် စက်တင်ဘာလ(၉)ရက်နေ့မှ (၁၅)ရက်နေ့အထိ ကျင်းပခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

သွေးလွန်တုပ်ကွေးရောဂါကာကွယ်နှိမ်နင်းရေးနှင့် ငှက်ဖျားရောဂါတိုက်ဖျက်ရေး အရှိန်အဟုန်မြှင့်တင်ရေး အသိပညာပေးဟောပြောပွဲကျင်းပ

20150916

            စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာမြို့နယ်၊ မင်းလယ်ကျေးရွာတွင် သွေးလွန်တုပ်ကွေးရောဂါနှင့် ငှက်ဖျားတိုက်ဖျက်ရေးဆိုင်ရာအသိပညာပေးဟောပြောခြင်းကို ၂၀၁၅ခုနှစ်၊ စက်တင်ဘာ(၁၅)ရက်နေ့၊ နံနက် (၁၀)နာရီအချိန် မင်းလယ်ကျေးရွာ အ-ထ-က(ခွဲ)စာသင်ကျောင်းဆောင်၌ ကျင်းပခဲ့သည်။

            အခမ်းအနားတွင် ကသာခရိုင် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာဝဏ္ဏသောင်းမှ သွေးလွန်တုပ်ကွေးဖြစ်စေတတ်သော အကြောင်းအရင်းများအား ရှင်းလင်းပြောကြားခဲ့သည်။ ဆက်လက်၍ ရွှေဘိုခရိုင်ကျန်းမာရေးဦးစီးဌာန(ငှက်ဖျားမှူး) ဦးစန်းမြင့်မှ ငှက်ဖျားရောဂါနှင့်ပတ်သက်၍ ပြောကြားခဲ့ပြီး ငှက်ဖျားအင်စပက်တော် တိုင်းငှက်ဖျားဌာန(မုံရွာ)မှ ဦးဌေးပိုက ခြင်အန္တရာယ်ကင်းရှင်းစွာ နေထိုင်ရေးအတွက် ကျန်းမာရေးအသိပညာများအား တက်ရောက်လာကြသော ကျေးရွာသူ/သားများနှင့် ကျောင်းသူ/သားလေးများအား ပြောကြားခဲ့သည်။ ထို့နောက် မင်းလယ်ကျေးရွာအုပ်ချုပ်ရေးမှူးမှ ကျေးဇူးတင်စကားပြန်လည်ပြောကြားခဲ့သည်။

            ဆက်လက်၍ ခရိုင်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာဝဏ္ဏသောင်းနှင့်အဖွဲ့ဝင်များသည် မင်းလယ်ကျေးရွာအတွင်းရှိ အိမ်များအား တစ်အိမ်တက်ဆင်း ဖုံး၊သွန်၊လဲ၊စစ်လုပ်ငန်းများကို လက်တွေ့ကျကျ ကွင်းဆင်းပြုလုပ်ပြီး ကျေးရွာနေပြည်သူများအနေဖြင့် သွေးလွန်တုပ်ကွေးရောဂါ၊ ငှက်ဖျားရောဂါဖြစ်ပါက ဆေးရုံသို့ အမြန်လာရောက်ကုသကြရန် တိုက်တွန်းပြောကြားခဲ့သည်။

            ကသာခရိုင်ပြည်သူကျန်းမာရေးဦးစီးဌာနအနေဖြင့် မိုးဦးကျရာသီတွင် ပေါ်ပေါက်တတ်သည့် သွေးလွန်တုပ်ကွေးဖြစ်ပွားမှုနှင့်ပတ်သက်၍ ကျန်းမာရေးဌာနမှဝန်ထမ်းများနှင့် ဌာနဆိုင်ရာဝန်ထမ်းများပူးပေါင်း၍ ကသာခရိုင်အတွင်းရှိ ရပ်ကွက်/ကျေးရွာစာသင်ကျောင်းများ၊ နေအိမ်များ၊ ရေဝပ်သည့်နေရာများအား ဖုံး၊သွန်၊လဲ၊စစ်လုပ်ငန်း၊ အဘိတ်ဆေးခပ်ခြင်း၊ ခြင်ဆေးဖျန်းခြင်း၊ သွေးလွန်တုပ်ကွေးရောဂါနှင့်ပတ်သက်သည့် အများပြည်သူများ သိရှိလိုက်နာရမည့် အချက်များ၊ အသိပညာပေးခြင်းလုပ်ငန်းများကို ကျေးလက်ဒေသများအထိ ကွင်းဆင်းပြီး ပြုလုပ်ဆောင်ရွက်ခဲ့ပြီးဖြစ်ကြောင်း သိရသည်။

Subcategories

သတင်း အချက်အလက်

ဒေသန္တရ အချက်အလက်များ

ခရိုင်နှင့် မြို့နယ်အလိုက် ဒေသန္တရအချက်အလက်များ

ပညာရေးကဏ္ဍ

ကျန်းမာရေးကဏ္ဍ

ဘာသာရေးကဏ္ဍ

ကျေးလက်ဖွံ့ဖြိုးရေးနှင့် ဆင်းရဲမှုလျှော့ချရေးကဏ္ဍ

ရွေးကောက်ပွဲ ကော်မရှင်ကဏ္ဍ

တိုင်းရင်းသား လူမျိုးများ

ပွဲတော်များ

Online Visitors

Flag Counter

စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့

စိန်ပန်းပြာလမ်းနှင့် ကမ်းနားလမ်းထောင့်၊ အိုးဘိုတောင်ရပ်ကွက်၊ မုံရွာမြို့။
ဖုန်း - ၀၇၁ - ၂၂၅၃၁
ဖက် - ၀၇၁ - ၂၂၅၃၇
facebook-icon