စစ်ကိုင်းတိုင်းဒေသကြီးသတင်းများ

ကောင်းမှုတော်ဘုရားကြီး ဂေါပကအဖွဲ့၏ သြဝါဒါစရိယဆရာတော်ကြီးများထံမှ သြဝါဒခံယူပွဲနှင့် ဘဏ္ဍာရေးနှစ်ချုပ်စာရင်း ရှင်းလင်းပွဲကျင်းပ

20150912-1

            စစ်ကိုင်းမြို့ ရာဇမဏိစူဋ္ဌာကောင်းမှုတော်ဘုရားကြီး ဂေါပကအဖွဲ့၏ သြဝါဒါစရိယဆရာတော်ကြီးများထံမှ သြဝါဒခံယူပွဲနှင့် ၂၀၁၄-၂၀၁၅ခု၊ ဘဏ္ဍာရေးနှစ်ချုပ်စာရင်းရှင်းလင်းပွဲကို စက်တင်ဘာ(၁၂)ရက် နံနက်(၉)နာရီက ကောင်းမှုတော်ဘုရားဧည့်ဆောင်၌ ကျင်းပသည်။

            ရှေးဦးစွာ အခမ်းအနားကို နမောတဿသုံးကြိမ်ရွတ်ဆိုဘုရားကန်တော့ဖွင့်လှစ်၍ ဒက္ခိဏာဝန်ကျောင်း  ဆရာတော်ဥုးသူရိယထံမှ ငါးပါးသီလခံယူဆောက်တည်ကြပြီး ဆရာတော်များ ရွတ်ပွားသရဇ္ဈာယ်သည့် ပရိတ်တရားတော်များကို နာယူကြည်ညိုကြသည်။ ဆက်လက်၍ ကောင်းမှုတော်ဘုရားဂေါပကအဖွဲ့ဥက္ကဋ္ဌ ဦးတုပ်က ၂၀၁၄-၂၀၁၅ခု၊ ဘဏ္ဍာနှစ်အတွင်း ဘုရားကြီးဘက်စုံပြုပြင်မွမ်းမံရေးလုပ်ငန်းများ ဆောင်ရွက်ပြီးစီးမှုအခြေအနေများနှင့် ရှေ့လုပ်ငန်းစဉ်များအားလည်းကောင်း၊ ဂေါပကအဖွဲ့ဝင် ဦးခင်မောင်စီက ကောင်းမှုတော်ဘုရား၏ ၂၀၁၄-၂၀၁၅ခု ဘဏ္ဍာရေးနှစ်ချုပ်ငွေစာရင်းအား ဖတ်ကြားလျှောက်ထားသည်။

            ထို့နောက် ပင့်သံဃာသြဝါဒါစရိယဆရာတော်ကြီး(၈)ပါးထံမှ သြဝါဒများခံယူခဲ့ကြကာ လှူဖွယ်ဝတ္ထုပစ္စည်းများ ဆက်ကပ်လှူဒါန်းခဲ့ကြပြီး ရွှေစေတီကျောင်းဆရာတော် ဥုးဥတ္တမသာရထံမှ ရေစက်ချအနုမောဒနာတရားများ နာယူကြည်ညို၍ ပင့်သံဃာသြဝါဒါစရိယဆရာတော်ကြီးများအား နေ့ဆွမ်းများဆက်ကပ်လှူဒါန်းခဲ့ကြသည်။ အဆိုပါအခမ်းအနားသို့ စစ်ကိုင်းခရိုင်စီမံခန့်ခွဲမှုကော်မတီဥက္ကဋ္ဌ ဦးကျော်မင်းညိုနှင့်တာဝန်ရှိသူများ၊ ကောင်းမှုတော်ဘုရားဂေါပကအဖွဲ့များနှင့် အခြားဖိတ်ကြားထားသူများ တက်ရောက်ခဲ့ကြောင်း သိရသည်။

စစ်ကိုင်းတိုင်းဒေသကြီးအတွင်း ဖွံ့ဖြိုးတိုးတက်ရေးအတွက် ရုရှား-မြန်မာချစ်ကြည်ရေးအဖွဲ့နှင့် ပူးပေါင်းဆောင်ရွက်ရေး တွေ့ဆုံညှိနှိုင်း

            စစ်ကိုင်းတိုင်းဒေသကြီးဖွံ့ဖြိုးတိုးတက်ရေးအတွက် ဆောင်ရွက်လျက်ရှိသော ကဏ္ဍအသီးသီးတွင် ရုရှား-မြန်မာချစ်ကြည်ရေးအဖွဲ့နှင့် ပူးပေါင်းဆောင်ရွက်နိုင်ရန် တွေ့ဆုံညှိနှိုင်းပွဲကို တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ(၁)တွင် စက်တင်ဘာလ(၁၁)ရက်နေ့ နံနက်(၁၁)နာရီကကျင်းပရာ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများဖြစ်သော လမ်းပန်းဆက်သွယ်ရေးဝန်ကြီးဦးအောင်ဇော်ဦး၊ လျှပ်စစ်နှင့်စက်မှုလက်မှုဝန်ကြီး ဦးကျော်ဝင်း၊ တိုင်းဒေသကြီးအစိုးရအဖွဲ့အတွင်းရေးမှူး ဦးစိုးစိုးဇော်၊ ရုရှား-မြန်မာချစ်ကြည်ရေးအဖွဲ့မှ Mr. Bulochnikoz Anataly ဦးဆောင်သောအဖွဲ့ဝင်များ၊ မုံရွာတက္ကသိုလ်၊ မုံရွာစီးပွားရေးတက္ကသိုလ်၊ ကွန်ပျူတာတက္ကသိုလ်(မုံရွာ)၊ နည်းပညာတက္ကသိုလ်(မုံရွာ)တို့မှ ပါမောက္ခချုပ်များ၊ ကျောင်းအုပ်ကြီးများ၊ တိုင်းဒေသကြီးဦးစီးမှူးများ၊  ပုဂ္ဂလိကကုမ္ပဏီများ၊ ဖိတ်ကြားထားသူများ တက်ရောက်ကြသည်။

            အခမ်းအနားတွင် တိုင်းဒေသကြီးအစိုးရအဖွဲ့အတွင်းရေးမှူးက စစ်ကိုင်းတိုင်းဒေသကြီး၏ မြေမျက်နှာသွင်ပြင်အနေအထား၊ လူဦးရေ၊ မြေယာအသုံးချမှုအခြေအနေ၊ လမ်းပန်းဆက်သွယ်ရေး၊ စိုက်ပျိုးရေး၊ ကျန်းမာရေး၊ ပညာရေးစသည့် ဒေသဆိုင်ရာအချက်အလက်များကို ရုရှား-မြန်မာချစ်ကြည်ရေးအဖွဲ့မှ ကိုယ်စားလှယ်များသို့ ရှင်းလင်းပြောကြားပြီး တိုင်းဒေသကြီးအဆင့်ဌာနဆိုင်ရာများက ဦးစီးဌာနအလိုက် လုပ်ငန်းဆောင်ရွက်မှုအခြေအနေများကို ရှင်းလင်းတင်ပြကြရာ ရုရှား-မြန်မာချစ်ကြည်ရေးအဖွဲ့မှ ကိုယ်စားလှယ်များက သိရှိလိုသည်များကို ပြန်လည်မေးမြန်းကြသည်။

            အဆိုပါရုရှား-မြန်မာချစ်ကြည်ရေးအဖွဲ့ဝင်များသည် မွန်းလွဲပိုင်းတွင် ဘုတလင်မြို့နယ် ရေဘုတလင် လျှပ်စစ်မြစ်ရေတင်လုပ်ငန်းသို့ သွားရောက်လေ့လာခဲ့ကြောင်းသိရသည်။

မော်လိုက်ခရိုင် ရေဘေးသင့်ကျေးရွာများတွင် ထောက်ပံ့ပစ္စည်းများ ပေးအပ်လျက်ရှိ

စစ်ကိုင်းတိုင်းဒေသကြီးအထက်ပိုင်းတွင် သြဂုတ်လကုန်ပိုင်းက မိုးသည်းထန်စွာ ရွာသွန်းခဲ့သဖြင့် ချင်းတွင်းမြစ်ကမ်းဘေးရှိ မြို့ရွာများတွင် ရေဘေးသင့်မှုဖြစ်ပေါ်ခဲ့ကြောင်းသိရသည်။

သို့ဖြစ်ရာ စက်တင်ဘာ(၁၀)ရက်နေ့က အဆိုပါ ရေဘေးသင့်ဒေသများဖြစ်သည့် မော်လိုက် မြို့နယ်အတွင်းမှ တွန်းပင်ကျေးရွာအုပ်စု၊ မုတ်ဦးကျေးရွာအုပ်စု၊ အော်ဇီးခုံကျေးရွာအုပ်စုများသို့ စစ်ကိုင်းတိုင်း ဒေသကြီး စီမံကိန်းနှင့် စီးပွားရေးဝန်ကြီး ဦးစိန်မောင်းသွားရောက်ပြီး ဆန်၊ ရေသန့်ဘူး၊ မျက်နှာသုတ် တဘက်များ ထောက်ပံ့ငွေများ ပေးအပ်ခဲ့ကြောင်း သိရှိရသည်။

ပြည်သူ့ဝန်ဆောင်မှု လုပ်ငန်းရုံး မုံရွာမြို့တွင် ဖွင့်လှစ်

            မုံရွာမြို့တွင် ပြည်သူ့ဝန်ဆောင်မှုလုပ်ငန်းတစ်ခုအနေဖြင့် ပြည်သူ့ဝန်ဆောင်မှုရုံး(One Stop Shops) ဖွင့်လှစ်ခြင်းကို စက်တင်ဘာ(၉)ရက်နေ့ နံနက်(၉)နာရီခွဲအချိန်က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး ခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။

            ရှေးဦးစွာ စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး ကျော်သန့်နိုင်က အမှာစကားပြောကြားပြီး ပြည်သူ့ဝန်ဆောင်မှုရုံး(One Stop Shops)လုပ်ငန်းနှင့်ပတ်သက်၍ ပြည်ပနိုင်ငံများတွင် သွားရောက်လေ့လာခဲ့သည့် မြို့နယ်စည်ပင်သာယာရေးကော်မတီဥက္ကဋ္ဌ ဦးမောင်မောင်က အတွေ့အကြုံများကို ရှင်းလင်းပြောကြားခြင်းနှင့် မြို့နယ်အုပ်ချုပ်ရေးမှူး ဦးညွန့်စိုးက One Stop Shops ဖွင့်လှစ်မည့် အခြေအနေများအား အသီးသီး ရှင်းလင်းပြောကြားကြသည်။

            ယင်းနောက် တိုင်းဒေသကြီးလုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးကျော်သန့်နိုင်၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ အတွင်းရေးမှူး ဦးစိုးစိုးဇော်နှင့် မြို့နယ်ဖွံ့ဖြိုးတိုးတက်မှုကော်မတီဥက္ကဋ္ဌ ဦးလှဟန်တို့က အဆိုပါ ပြည်သူ့ဝန်ဆောင်မှုရုံးဆိုင်းဘုတ်အား ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးကြသည်။

            အဆိုပါ ပြည်သူ့ဝန်ဆောင်မှုရုံး(One Stop Shops) ဖွင့်လှစ်ဆောင်ရွက်ပေးမည့်ဌာနများမှာ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ လူဝင်မှုကြီးကြပ်ရေးနှင့် အမျိုးသားမှတ်ပုံတင်ရေးဦးစီးဌာန၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ ပြည်တွင်းအခွန်များဦးစီးဌာန၊ သစ်တောဦးစီးဌာန၊ လယ်ယာမြေစီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာန၊ မြန်မာ့လျှပ်စစ်ဓာတ်အား ဖြန့်ဖြူးရေးလုပ်ငန်း၊ မြို့နယ်စည်ပင်သာယာရေးကော်မတီ၊ မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့၊ လူမှုဝန်ထမ်းဦးစီးဌာနတို့ဖြစ်ကြပြီး ဝန်ဆောင်မှုလုပ်ငန်းများကို တစ်နေရာတည်းတွင် မြန်ဆန်စွာ ဆောင်ရွက်ပေးနိုင်ခြင်းကြောင့် ပြည်သူများအတွက် အချိန်နှင့်ကုန်ကျစရိတ် သက်သာစေသော အကျိုးကျေးဇူးများ ရရှိနိုင်ကြောင်းသိရှိရသည်။

ဝန်ကြီးချုပ်ဖလား ခရိုင်အလိုက်(အလွတ်တန်း)ပိုက်ကျော်ခြင်းပြိုင်ပွဲ ဖွင့်ပွဲကျင်းပ

            စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့၊ တိုင်းဒေသကြီးအားကစားကွင်း မိုးလုံလေလုံအားကစားရုံတွင် ၂၀၁၅ ခုနှစ် တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်ဖလား ခရိုင်အလိုက်(အလွတ်တန်း) အမျိုးသား၊ အမျိုးသမီးပိုက်ကျော်ခြင်းပြိုင်ပွဲဖွင့်ပွဲကို စက်တင်ဘာလ(၉)ရက်နေ့ နံနက်(၉)နာရီကကျင်းပရာ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် လူမှုရေးဝန်ကြီးဒေါက်တာမြင့်သိန်း၊ လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးအောင်ဇော်ဦး၊ တိုင်းဒေသကြီးပိုက်ကျော်ခြင်းဆပ်ကော်မတီဥက္ကဋ္ဌ ဦးမြတ်ဇော်၊ တိုင်းဒေသကြီး၊ ခရိုင်၊ မြို့နယ်အဆင့်ဌာနဆိုင်ရာအကြီးအကဲများ၊ ခရိုင်၊ မြို့နယ်အားကစားမှူးများနှင့် ပြိုင်ပွဲဝင်အားကစားသမားများ၊ မုံရွာမြို့ပေါ်ကျောင်းများမှ ကျောင်းသား၊ ကျောင်းသူများ၊ မုံရွာပညာရေးကောလိပ်မှ သင်တန်းသား/သူများ၊ ပိုက်ကျော်ခြင်းဝါသနာရှင်များ တက်ရောက်ကြသည်။

            အခမ်းအနားတွင် တိုင်းဒေသကြီးဝန်ကြီးချုပ်ကိုယ်စား တိုင်းဒေသကြီးလူမှုရေးဝန်ကြီးက အမှာစကားပြောကြားကာ ပြိုင်ပွဲအားဖွင့်လှစ်ပေးပြီး ကျောင်းသား/သူများ၏ ဖဲကြိုးအကနှင့် ကိုယ်ကာယကြံ့ခိုင်ရေးအတွဲ (၃)၊(၄) တို့ကို သရုပ်ပြကပြမှုကို ကြည့်ရှုအားပေးခဲ့သည်။

            ထို့နောက် အဖွင့်ပွဲစဉ်အဖြစ် ရွှေဘိုခရိုင်အသင်းနှင့် ကသာခရိုင်အသင်းတို့ ယှဉ်ပြိုင်ကစားခဲ့ရာ ရွှေဘိုရိုင်အသင်းကအနိုင်ရရှိသည်။

            ယနေ့ကျင်းပသော တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်ဖလား ခရိုင်အလိုက် (အလွတ်တန်း) အမျိုးသား၊ အမျိုးသမီးပိုက်ကျော်ခြင်းပြိုင်ပွဲသို့ တိုင်းဒေသကြီးအတွင်းရှိ စစ်ကိုင်း၊ မုံရွာ၊ ရွှေဘို၊ ကသာ၊ ယင်းမာပင်၊ ကလေး၊ တမူး၊ မော်လိုက်နှင့် ခန္တီးခရိုင်တို့မှ ပြိုင်ပွဲဝင်အမျိုးသား(၉)သင်းနှင့် အမျိုးသမီး (၆)သင်းတို့ဖြင့် စက်တင်ဘာလ(၉)ရက်နေ့မှ (၁၅)ရက်နေ့အထိ ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။

၂၀၁၅ ခုနှစ် နိုင်ငံတကာစာတတ်မြောက်ရေးနေ့အထိမ်းအမှတ်အခမ်းအနား မုံရွာတွင်ကျင်းပ

201509101 201509102

         စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့၊ မြို့တော်ခန်းမတွင် ၂၀၁၅ ခုနှစ် နိုင်ငံတကာစာတတ်မြောက်ရေးနေ့ အထိမ်းအမှတ်အခမ်းအနားကို စက်တင်ဘာလ(၈)ရက်နေ့ နံနက်(၉)နာရီကကျင်းပရာ တိုင်းဒေသကြီးတရားလွှတ်တော် တရားသူကြီးချုပ် ဦးဝင်းမြင့်၊ တိုင်းဒေသကြီးလူမှုရေးဝန်ကြီး ဒေါက်တာမြင့်သိန်း၊ တိုင်းဒေသကြီးဥပဒေချုပ်၊ တိုင်းဒေသကြီးစာရင်းစစ်ချုပ် ၊ တိုင်းဒေသကြီး၊ ခရိုင်၊ မြို့နယ်အဆင့်ဌာနဆိုင်ရာအကြီးအကဲများ၊ အခြေခံပညာအထက်တန်း၊ အလယ်တန်း၊ မူလတန်းအဆင့်ကျောင်းများမှ ကျောင်းအုပ်ကြီးများနှင့် ဆရာ၊ ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများ တက်ရောက်ကြသည်။

          အခမ်းအနားတွင် တိုင်းဒေသကြီးဝန်ကြီးချုပ်ကိုယ်စား တိုင်းဒေသကြီးလူမှုရေးဝန်ကြီးက အမှာစကားပြောကြားပြီး တိုင်းဒေသကြီးပညာရေးဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူး ဦးသန်းလွင်က ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူးချုပ်ထံမှ ပေးပို့သော သဝဏ်လွှာအား ဖတ်ကြားသည်။

        ထို့နောက် ၂၀၁၅ခုနှစ် နိုင်ငံတကာစာတတ်မြောက်ရေးနေ့အထိမ်းအမှတ် ပိုစတာပြိုင်ပွဲဆုရ ကျောင်းသား၊ ကျောင်းသူများကို တိုင်းဒေသကြီးတရားသူကြီးချုပ်ကလည်းကောင်း၊ စာစီစာကုံးပြိုင်ပွဲဆုရ ကျောင်းသား၊ ကျောင်းသူများအား တိုင်းဒေသကြီးလူမှုရေးဝန်ကြီးကလည်းကောင်း အသီးသီးပေးအပ်ချီးမြှင့်ကြသည်။

         အခမ်းအနားအပြီးတွင် တိုင်းဒေသကြီးလူမှုရေးဝန်ကြီးနှင့်တာဝန်ရှိသူများက ခန်းမအတွင်း ခင်းကျင်းပြသထားသော ပိုစတာနှင့် စာစီစာကုံးပြိုင်ပွဲ ဆုရစာမူများနှင့် နံရံကပ်စာစောင်များကို ကြည့်ရှုအားပေးခဲ့ကြောင်း သိရသည်။

တိုင်းဒေသကြီးအစိုးရအဖွဲ့ရန်ပုံငွေဖြင့် ဝယ်ယူထောက်ပံ့ပေးသော လက်တွန်းထွန်းစက်များ ကျေးရွာသမဝါယမအသင်းများသို့ မုံရွာတွင် လွှဲပြောင်းပေးအပ်

တိုင်းဒေသကြီးအတွင်းရှိ ကျေးရွာသမဝါယမအသင်းများသို့ တိုင်းဒေသကြီးအစိုးရအဖွဲ့ရန်ပုံငွေဖြင့် ဝယ်ယူထောက်ပံ့ပေးသော လက်တွန်းထွန်းစက်များ လွှဲပြောင်းပေးအပ်ပွဲကို စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့ ကျောက်ကာလမ်းရှိ မြို့နယ်သမဝါယမအသင်းစုရုံးအစည်းအဝေးခန်းမတွင် စက်တင်ဘာလ(၇)ရက်နေ့ နံနက် (၉)နာရီက ကျင်းပရာ တိုင်းဒေသကြီး လွှတ်တော်ဥက္ကဌ ဦးသင်းလှိုင်၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် သစ်တော၊ သတ္ထုနှင့်စွမ်းအင်ဝန်ကြီး ဦးသန်းထိုက်၊ တိုင်းဒေသကြီး၊ ခရိုင်၊ မြို့နယ်အဆင့်ဌာနဆိုင်ရာ အကြီး အကဲများ၊ ခရိုင်၊ မြို့နယ်အဆင့်သမဝါယမအသင်းစုဥက္ကဌများနှင့် အဖွဲ့ဝင်များ၊ ဖိတ်ကြားထားသူများ တက်ရောက်ကြသည်။

            အခမ်းအနားတွင် တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် သစ်တော၊ သတ္ထုနှင့်စွမ်းအင်ဝန်ကြီးက အမှာစကား ပြောကြားပြီး တိုင်းဒေသကြီးသမဝါယမဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးမြင့်ဆွေက ကျေးရွာ သမဝါယမအသင်းစုများသို့ လက်တွန်းထွန်စက်များလွှဲပြောင်းပေအပ်ရခြင်းနှင့်ပတ်သက်ပြီး ရှင်းလင်း ပြောကြားကာ တိုင်းဒေသကြီး၊ လွှတ်တော်ဥက္ကဌ၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် သစ်တော၊ သတ္ထုနှင့်စွမ်းအင် ဝန်ကြီးတို့က ကသာ၊ မော်လိုက်၊ ခန္တီး၊ တမူးခရိုင်တို့မှ ကိုယ်စားလှယ်များကို လက်တွန်းထွန်စက်များ နှင့်ပတ်သက်သည့် စာရွက်စာတမ်းများကို လွှဲပြောင်းပေးအပ်သည်။

            '' လက်မှုလယ်ယာစနစ်ကနေ စက်မှုလယ်ယာစနစ်ကို ကူးပြောင်းနေချိန်မှာ ကျွန်တော်တို့ တောင်သူ တွေအနေနဲ့ လယ်ယာသုံးစက်ပစ္စည်းတွေ ဝယ်ယူဖို့အတွက် ငွေကြေးအခက်အခဲတွေ ဖြစ်နေချိန်မှာ အခုလို လက်တွန်းထွန်စက်တွေဖြန့်ဝေပေးတဲ့အတွက် အများကြီးကျေးဇူးတင်ပါတယ်'' ဟု တွင်းအောက်တောင်း စိုက်ပျိုးထုတ်လုပ်ရေးအသင်းမှ အသင်းသား ဦးမောင်ပန်က ပြောသည်။

            တိုင်းဒေသကြီးအစိုးရအဖွဲ့ ထောက်ပံ့ငွေဖြင့်လွှဲပြောင်းပေးအပ်သော လက်တွန်းထွန်းစက်များအား ကသာ ခရိုင်အတွင်းရှိ ကသာ၊ ထီးချိုင့်၊ ကောလင်းမြို့နယ်များသို့သုံးစီး၊ ကလေးခရိုင်အတွင်းရှိ ကလေးနှင့် ကလေးဝ မြို့နယ်များသို့နှစ်စီး၊ တမူးခရိုင်အတွင်းရှိတမူးမြို့နယ်သို့တစ်စီး၊ မော်လိုက်ခရိုင်အတွင်းရှိမော်လိုက် နှင့်ဖောင်းပြင် မြို့နယ်များသို့နှစ်စီး၊      ခန္တီးခရိုင်အတွင်းရှိခန္တီး၊ ဟုမ္မလင်းမြို့နယ်များသို့နှစ်စီးဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။

Subcategories

သတင်း အချက်အလက်

ဒေသန္တရ အချက်အလက်များ

ခရိုင်နှင့် မြို့နယ်အလိုက် ဒေသန္တရအချက်အလက်များ

ပညာရေးကဏ္ဍ

ကျန်းမာရေးကဏ္ဍ

ဘာသာရေးကဏ္ဍ

ကျေးလက်ဖွံ့ဖြိုးရေးနှင့် ဆင်းရဲမှုလျှော့ချရေးကဏ္ဍ

ရွေးကောက်ပွဲ ကော်မရှင်ကဏ္ဍ

တိုင်းရင်းသား လူမျိုးများ

ပွဲတော်များ

Online Visitors

Flag Counter

စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့

စိန်ပန်းပြာလမ်းနှင့် ကမ်းနားလမ်းထောင့်၊ အိုးဘိုတောင်ရပ်ကွက်၊ မုံရွာမြို့။
ဖုန်း - ၀၇၁ - ၂၂၅၃၁
ဖက် - ၀၇၁ - ၂၂၅၃၇
facebook-icon