စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဒေါက်တာမြင့်နိုင်သည် စိုက်ပျိုးရေးမွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန လက်အောက်ရှိ စိုက်ပျိုးရေးဦးစီးဌာန၊ စက်မှုလယ်ယာဦးစီးဌာနတို့မှ တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာအကြီးအကဲများနှင့်အတူ ရွှေဘိုခရိုင်/မြို့နယ် စီမံခန့်ခွဲမှုကော်မတီ ဥက္ကဌများလိုက်ပါ၍ ယနေ့ နံနက် (၉)နာရီက ရွှေဘိုမြို့နယ် ချီပါကျေးရွာ ဦးပိုင်အမှတ်(၉၃/၂) ၊ ကွင်းအမှတ် (၃၀၁၉)နန့်ပိုးကွင်း တောင်သူ ဦးချစ်သန်း၏ လယ်မြေ(၂)ဧက တွင် ကျင်းပပြုလုပ်သော ကောက်ရိုးထုံးစက် (Round Baler) နှင့် ရိုးဖြတ်ခုတ်စက်(Mower) သရုပ်ပြပွဲသို့ တက်ရောက်ခဲ့သည်။
ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဒေါက်တာမြင့်နိုင်က အဆိုပါ အခမ်းအနားသို့ တက်ရောက်လာကြသူများအား တိုင်းဒေသကြီးအတွင်း စိုက်ပျိုးရေးကဏ္ဍတွင် သက်ဆိုင်ရာ ဌာနဆိုင်ရာများနှင့် ဒေသခံတောင်သူများ ပူးပေါင်းဆောင်ရွက်ပေးကြစေရန်နှင့် တောင်သူများအနေဖြင့်လည်း လယ်ယာမြေများအတွင်း ယခင်က စပါးရိုးပြတ်များကို မီးရှို့ဖျက်စီးရာတွင် သဘာပတ်ဝန်းကျင် ထိခိုက်ခြင်း၊ အပူချိန်မြှင့်တက်ခြင်းနှင့် သဘာဝမြေသြဇာများ အရနည်းပါခြင်းများဖြစ်တဲ့အတွက် ယခုလို စက်ယန္တရားများကို အရှိန်အဟုန်မြှင့် ဆောင်ရွက်လုပ်ကိုင်ခြင်းဖြင့် အလေအလွင့်နည်းပါးပြီး ကောက်ရိုးများသယ်ယူပို့ဆောင်ရာမှာ လွယ်ကူကာ ကောက်ရိုးစျေးကွက်တစ်ခုရလာမှာဖြစ်ကြောင်းနှင့် အဆိုပါ ကောက်ရိုးများမှ တောင်သူများအတွက် အပိုဝင်ငွေများရလာမှာဖြစ်ကြောင်း၊ စက်ယန္တရားများကို စနစ်တကျ အကျိုးရှိစွာ အရှိန်အဟုန်မြှင့် အသုံးပြုဆောင်ရွက်ပေးကြစေကြောင်းနှင့် လိုအပ်သည့် ပံ့ပိုးကူညီမှုများကိုလည်း မိမိတို့ တိုင်းဒေသကြီးအစိုးရအဖွဲ့မှ ပေါင်းစပ်ဖြည့်ဆည်းဆောင်ရွက်ပေးမည် ဖြစ်ကြောင်း တာဝန်ရှိသူများအား တိုက်တွန်းပြောကြားခဲ့ပြီးနောက် တာဝန်ရှိသူများ၏ ကောက်ရိုးထုံးစက် နှင့် ရိုးဖြတ်ခုတ်စက် သရုပ်ပြသမှုတို့အား ကြည့်ရှုအားပေးခဲ့ပါသည်။


