စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော် တိုင်းဒေသကြီး ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး လုပ်ငန်းညှိနိုင်း အစည်းအဝေး(၁၀/၂၀၂၂) တက်ရောက်
မတ် ၃၁
စစ်ကိုင်းတိုင်းဒေသကြီး ကိုဗစ်-၁၉ ရောဂါကာကွယ်၊ ထိန်းချုပ်၊ ကုသရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေး(၁၀/၂၀၂၂)ကို မတ်လ(၃၁)ရက်နေ့ နံနက်(၉) နာရီအချိန်တွင် တိုင်းဒေသကြီး အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမတွင် ကျင်းပရာ အစည်းအဝေးသို့ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ တိုင်းဒေသကြီး ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီ အဖွဲ့ဝင်များ၊ တိုင်းဒေသကြီးအဆင့်ဌာန ဆိုင်ရာအကြီးအကဲများနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။
ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်က မိမိတို့တိုင်းဒေသကြီးတွင် ကိုဗစ်-၁၉ ရောဂါပိုး စစ်ဆေးတွေ့ရှိမှု လျော့နည်းသွားသော်လည်း ကျန်းမာရေးအသိဖြင့် လုပ်ကိုင်သွားလာ နေထိုင်ကြရမည် ဖြစ်ပါကြောင်း၊ ရောဂါပိုးကူးစက်ဖြစ်ပွားမှုနှင့် သေဆုံးမှုနှုန်း လျော့ချနိုင်ရေးအတွက် အဓိကကာကွယ်ပေးမှုမှာ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး လူတိုင်းစေ့ ထိုးနှံပြီးစီးရန် အရေးကြီးပါကြောင်း၊ တိုင်းဒေသကြီးတစ်ခုလုံး၏ ဆေးထိုးနှံပြီးစီးမှုမှာ အခြား တိုင်းဒေသကြီးနှင့် ပြည်နယ်များထက် များစွာလျော့နည်းနေသေးပါ၍ လူတိုင်းစေ့ ဆေးထိုး ပြီးစီးရေးတို့ကို တာဝန်ရှိသူအားလုံးမှ အလေးအနက်ထားခံယူကာ ပူးပေါင်းဆောင်ရွက်ကြရန် အရေးကြီးနေပြီဖြစ်ပါကြောင်း၊ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံပေးမှုအား အခြေချထိုးနှံခြင်း၊ ရွှေ့လျားထိုးနှံခြင်းနှင့် ကျေးရွာများအထိပါ ကွင်းဆင်းထိုးနှံခြင်းများကို အရှိန်မြှင့်၍ သတ်မှတ်ကာလတွင် လျာထား ရည်မှန်းချက်ပြည့်မီအောင် ကြိုးပမ်းဆောင်ရွက်ရမည်ဖြစ်ပါကြောင်း၊ ဆောင်ရွက်မှုအားလုံးတွင် လုံခြုံရေးအသိ၊သတိတို့ဖြင့် ကြပ်မတ်ပေါင်းစပ်ဆောင်ရွက်သွားကြရန်လိုအပ်ပါကြောင်း ပြောကြားခဲ့သည်။
ယင်းနောက် အစည်းအဝေးသို့ တက်ရောက်လာကြသော တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ ဌာနဆိုင်ရာများနှင့် တာဝန်ရှိသူများက နေ့စဉ်ရောဂါပိုး စစ်ဆေးတွေ့ရှိမှု ဆေးရုံတက်ရောက် ကုသမှုနှင့်ဆေးရုံဆင်းမှု၊ သတ်မှတ်လျာထားချက် ပြည့်မီအောင် ကာကွယ်ဆေးထိုးနှံမှုအခြေအနေများ၊ အောက်ဆီဂျင်ထုတ်လုပ်သုံးစွဲမှု၊ မြို့ဝင်မြို့ထွက်နေရာများတွင် ကျန်းမာရေးစစ်ဆေးရေး စခန်းများချထား၍ စစ်ဆေးဆောင်ရွက်နေမှု၊ လုံခြုံရေးဆောင်ရွက်ပေးနေမှု အခြေအနေများနှင့် ပတ်သက်၍ အသီးသီးအကြံပြု ဆွေးနွေး တင်ပြကြသည်။
ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်က ကိုဗစ်-၁၉ ရောဂါကာကွယ်၊ ထိန်းချုပ်၊ ကုသရေးနှင့် ကူးစက်မှုလျော့ချရေး လုပ်ငန်းများနှင့် ပတ်သက်၍ အသီးသီး ဆွေးနွေး တင်ပြချက်များအပေါ် လိုအပ်သည်များကို တာဝန်ရှိသူများနှင့် ဖြည့်ဆည်းပေါင်းစပ် ဆောင်ရွက် ပေးပြီး နိဂုံးချုပ်စကားပြောကြားကာ အစည်းအဝေးကို ရုပ်သိမ်းခဲ့ကြသည်။