ဖေဖော်ဝါရီ ၂၄
စစ်ကိုင်းတိုင်းဒေသကြီး ကိုဗစ်-၁၉ ရောဂါကာကွယ်၊ ထိန်းချုပ်၊ ကုသရေး လုပ်ငန်း ညှိနှိုင်း အစည်းအဝေး(၇/၂၀၂၂)ကို ဖေဖော်ဝါရီလ(၂၄)ရက်၊ နံနက်(၉) နာရီအချိန်တွင် တိုင်းဒေသ ကြီး အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမတွင် ကျင်းပရာ အစည်းအဝေးသို့ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ တိုင်းဒေသကြီး ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီအဖွဲ့ဝင်များ၊ တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာအကြီးအကဲများ၊ မုံရွာခရိုင်/မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဌနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။

ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်က ဇန်နဝါရီ စတုတ္တပတ်မှ စတင ၍ ကလေးမြို့နှင့် တမူးမြို့တို့တွင် အစုလိုက်ရောဂါကူးစက်မှုများ တွေ့ရှိခဲ့ပြီး ယခုအခါ ကူးစက်မှုများလျော့ကျလာပြီဖြစ်သော်လည်း ကူးစက်မှုများ ဆက်လက်လျော့ကျရေးအတွက် ကာကွယ်မှုနှင့်ထိန်းချုပ်မှုများကို ပိုမိုစီမံလုပ်ဆောင်ရန်လိုအပ်ပါကြောင်း၊ ဆေးရုံတက်ရောက်ကုသရန် လိုအပ်ပါကလည်း လိုအပ်သည့်ကုသမှုများ အပြည့်အဝဆောင်ရွက်ပေးနိုင်ရေးအတွက် ကြိုတင် ပြင်ဆင်ထားရန်လိုအပ်ပါကြောင်း၊

စစ်ဆေးမှုနှင့် ဆေးထိုးနှံခြင်းများကို အရှိန်မြှင့်ဆောင်ရွက်ရန် လိုအပ်ပါကြောင်း၊ ကိုဗစ်-၁၉ ရောဂါကာကွယ်ထိန်းချုပ်ရေးအတွက် လူအများနှင့် ကျင်းပပြုလုပ်ရသည့် အခမ်းအနားများ အား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေး စည်းမျဉ်းစည်းကမ်းများအတိုင်း လိုက်နာ ပြုလုပ်လို ပါကြောင်း၊ ပြည်သူများအနေဖြင့် ကျန်းမာရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးဆိုင်ရာ စည်းမျဉ်းများအား တိကျစွာလိုက်နာ ဆောင်ရွက်ရန်နှင့် ကာကွယ်ထိန်းချုပ်မှုများကိုလည်း တာဝန်ရှိသူများနှင့်အတူ ပူးပေါင်းကာ အသိတရားဖြင့် စတုတ္တလိူင်းတွင် ဖြစ်ပေါ်နေသော အိုမီခရွန်ရောဂါအား တွန်းလှန်တိုက် ဖျက်သွားကြရန် ပြောကြားခဲ့သည်။
 
ယင်းနောက် အစည်းအဝေးသို့ တက်ရောက်လာကြသော တိုင်းဒေသကြီးအစိုးရ အဖွဲ့ဝင် ဝန်ကြီးများ၊ တပ်မတော်အရာရှိကြီးများနှင့် တာဝန်ရှိသူများက နေ့စဉ်ရောဂါပိုး စစ်ဆေးတွေ့ ရှိမှု၊ ဆေးရုံတက်ရောက် ကုသမှုနှင့်ဆေးရုံဆင်းမှု၊ သတ်မှတ်လျာထားချက် ပြည့်မီအောင်ကာ ကွယ်ဆေးထိုးနှံမှုအခြေအနေများ၊ အောက်ဆီဂျင်ထုတ်လုပ်သုံးစွဲမှု၊ မြို့ဝင်မြို့ထွက် နေရာများ တွင် ကျန်းမာရေးစစ်ဆေးရေး စခန်းများချထား၍ စစ်ဆေးဆောင်ရွက်နေမှု၊ Quarantin Center နှင့် Positive Center ဆောင်ရွက်ထားရှိမှု အခြေအနေများ၊ လုံခြုံရေးဆောင်ရွက်ပေးနေမှု အခြေအနေများ၊ ပြည်သူများအသိနှင့် သတိရှိရေးအတွက် အသိပညာပေးရေးနှင့် ပတ်သက်၍ အသီးသီး အကြံပြုဆွေးနွေးတင်ပြကြသည်။

ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်က ကိုဗစ်-၁၉ ရောဂါကာကွယ်၊ ထိန်းချုပ်၊ ကုသရေးနှင့် ကူးစက်မှုလျော့ချရေးလုပ်ငန်းများနှင့် ပတ်သက်၍ အသီးသီး ဆွေးနွေး တင်ပြချက်များအပေါ် လိုအပ်သည်များကို တာဝန်ရှိသူများနှင့် ဖြည့်ဆည်းပေါင်းစပ် ဆောင်ရွက်ပေးပြီး နိဂုံးချုပ်စကားပြောကြားကာ အစည်းအဝေးကို ရုပ်သိမ်းခဲ့ကြသည်။

မုံရွာ ဖေဖော်ဝါရီ ၂၃

၂၀၂၂-ခုနှစ်၊ စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ်ဖလား ခရိုင်ပေါင်းစုံ အသက်(၁၇) နှစ်အောက် အမျိုးသားဘောလုံးပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားကို ဖေဖော်ဝါရီလ(၂၂)ရက်၊ မွန်းလွဲပိုင်းတွင် မုံရွာမြို့၊ ပြည်သူ့အားကစားကွင်းတွင် ကျင်းပရာဖွင့်ပွဲအခမ်းအနားသို့ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကျော်၊ တိုင်းဒေသကြီးတရားသူကြီးချုပ်၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ တိုင်းဒေသကြီး/ ခရိုင်/ မြို့နယ်အဆင့် ဌာနဆိုင်ရာများနှင့် ဝန်ထမ်းများ၊ အသင်း အုပ်ချုပ်သူများ၊ ပြိုင်ပွဲဝင်အားကစားသများ တက်ရောက်ကြသည်။

ရှေးဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ်ဦးမြတ်ကျော်က နိုင်ငံတော်အနေဖြင့် မြန်မာ့အားကစားအဆင့်အတန်းတိုးတက်မြင့်မားရေးကို အမျိုးသားရေးတာဝန်တစ်ရပ်အနေဖြင့် အကောင်အထည် ဖော်ဆောင်ရွက်လျှက်ရှိပါကြောင်း၊ တိုင်းဒေသကြီးနှင့်ပြည်နယ်ဘောလုံးပြိုင်ပွဲများကို (၁၉၅၂)ခုနှစ်မှစ၍ ကျင်းပခဲ့ပြီး လက်ရှိမြန်မာ့လက်ရွေးစင်အသင်းကို အင်အားဖြည့်နိုင်ရန်နှင့် အလားအလာရှိသော သွေးသစ်လူငယ်ဘောလုံး အားကစားသမားများ ပေါ်ထွက်ရရှိစေရေးအတွက် သက်ထမ်းအလိုက်ပြိုင်ပွဲများအဖြစ် တိုင်းဒေသကြီးနှင့် ပြည်နယ်အသက်(၁၇)နှစ်အောက် အမျိုးသားဘောလုံပြိုင်ပွဲကို ကျင်းပပြုလုပ်ရခြင်း ဖြစ်ပါကြောင်း၊ ယခုကျင်းပမည့် ခရိုင်ပေါင်းစုံ အသက်(၁၇)နှစ်အောက် ဘောလုံးပြိုင်ပွဲကနေလည်း အရည်အချင်းပြည့်ဝတဲ့ တိုင်းလက်ရွေးစင်အားကစားသမားများကို စစ်ကိုင်းတိုင်းဒေသကြီး လက်ရွေးစင်အဖြစ်ရွေးချယ်ပြီး နေပြည်တော်တွင်ကျင်းပမဲ့ တိုင်းဒေသကြီးနှင့်ပြည်နယ် အသက်(၁၇)နှစ်အောက် အမျိုးသား ဘောလုံးပြိုင်ပွဲကို ဝင်ရောက်ယှဉ်ပြိုင်သွားမှာဖြစ်ပါကြောင်း ပြောကြားပြီး ခရိုင်ပေါင်းစုံ အသက် (၁၇)နှစ်အောက် အမျိုးသားဘောလုံး ပြိုင်ပွဲအား ဖွင့်လှစ်ပေးခဲ့သည်။

ထို့နောက် စစ်ကြောင်းမှူးမှ ဦးဆောင်၍ ပြိုင်ပွဲဝင်အသင်းများမှ အားကစားသစ္စာ အဓိဌာန် ရွတ်ဆိုပြီး တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့်တာဝန်ရှိသူများက ပြိုင်ပွဲဝင်အားကစားသမားများအား လိုက်လံနှုတ်ဆက်အားပေးကာ ပြိုင်ပွဲဝင်အသင်းများမှ စစ်ကြောင်းပုံစံဖြင့် ကွင်းအတွင်းမှ ပြန်လည်ထွက်ခွာကြသည်။

ယင်းနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်နှင့်တာဝန်ရှိသူများက အဖွင့်ပွဲစဉ်အဖြစ် ခန္တီးခရိုင်ဘောလုံးအသင်းနှင့် စစ်ကိုင်းခရိုင်ဘောလုံးအသင်းတို့ ယှဉ်ပြိုင်ကစားနေမှုအား ကြည့်ရှု့အားပေးပြီး ခန္တီးခရိုင်အသင်းမှ စစ်ကိုင်းခရိုင်အသင်းအား (၄)ဂိုး၊ (၁)ဂိုးဖြင့် အနိုင်ရရှိသွားသည်။

ဆက်လက်ပြီး တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်က အဖွင့်ပွဲစဉ်တွင် ခန္တီးခရိုင် ဘောလုံးအသင်းမှ အကောင်းဆုံးကစားသမား မောင်ချစ်ရင်ထူး ကျောနံပါတ်(၇)အား Daily Man Of Match ဂုဏ်ပြုဆုတံဆိပ်အား ပေးအပ်ချီးမြှင့်ခဲ့ကြောင်း သိရသည်။

အဆိုပါ ၂၀၂၁-ခုနှစ်၊ စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ်ဖလား ခရိုင်ပေါင်းစုံ အသက်(၁၇)နှစ်အောက် အမျိုးသားဘောလုံးပြိုင်ပွဲသို့ စစ်ကိုင်းတိုင်းဒေသကြီးအတွင်းရှိ ခရိုင်(၈)ခရိုင်မှ အားကစားသမား (၁၄၄)ဦး ဝင်ရောက်ယှဉ်ပြိုင်ကြပြီး အုပ်စု(၂)အုပ်စုခွဲကာ မုံရွာမြို့ရှိ ပြည်သူ့အားကစားကွင်းတွင် ဖေဖော်ဝါရီလ(၂၂)ရက်နေ့မှ မတ်လ(၃)ရက်နေ့အထိ ကျင်းပသွားမည် ဖြစ်ကြောင်း သတင်းရရှိသည်။

 

 ဖေဖော်ဝါရီ ၂၂
စစ်ကိုင်းတိုင်းဒေသကြီးအခြေခံပညာဦးစီးဌာန၊ စီမံရေးရာဝန်ထမ်းများ၏ စွမ်းဆောင်ရည်မြှင့်တင်ရေး သင်တန်းဖွင့်ပွဲအခမ်းအနားကို ဖေဖော်ဝါရီလ(၂၂)ရက်၊ နံနက်ပိုင်းတွင် တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမတွင် ကျင်းပရာ အခမ်းအနားသို့ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ မုံရွာခရိုင်/မြို့နယ် ပညာ ရေးမှူးများနှင့် Videoconferencing စနစ်ဖြင့် တိုင်းဒေသကြီးအတွင်းရှိ ခရိုင်ပညာရေးမှူးရုံး များမှ စီမံ၊ဘဏ္ဍာဝန်ထမ်း သင်တန်းသား၊ သင်တန်းသူများ တက်ရောက်ကြသည်။

ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်က ပညာရေးသည် နိုင်ငံတစ်နိုင်ငံ၏ ရှင်သန်ရေး၊ တိုးတက်ဖွံ့ဖြိုးရေးနှင့် ခေတ်မီစေရေးတို့အတွက် အခြေခံအုတ်မြစ်ဖြစ်ပါကြောင်း၊ နိုင်ငံအလိုက် အခြေခံပညာရေးလုပ်ငန်း ဆောင်ရွက်ရာတွင် အရည်အသွေးများပြည့်ဝရေးနှင့် ပညာရှင်အဖြစ် ဆက်လက်လေ့လာ ဆည်းပူးတက်လှမ်းနိုင်မည့် ပညာအခြေခံတို့ကိုရရှိစေရန် အဓိကမျှော်မှန်း ဆောင်ရွက်လျက်ရှိရာ ပညာရေးစီမံခန့်ခွဲသူတို့၏ အခန်းကဏ္ဍသည် အလွန် အရေးပါလျက်ရှိပါကြောင်း၊ ပညာရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးအတွက်ဆိုရင် တိုးတက်ပြောင်းလဲလျက်ရှိသည့် ခေတ်စနစ်နှင့် လိုက်လျောညီစွာ ပြုပြင်ပြောင်းလဲမှုဆိုင်ရာလုပ်ငန်းများကို ပညာရေး ဝန်ထမ်းများ အားလုံကြိုးပမ်း အကောင်အထည်ဖော် ဆောင်ရွက်ရမည်ဖြစ်ပါကြောင်း၊ ယခု သင်တန်းဟာ အခြေခံပညာဖွံ့ဖြိုးတိုးတက်ရန်အတွက် စီမံ၊ဘဏ္ဍာဝန်ထမ်းများ၏ စွမ်းဆောင်ရည်ကို မြှင့်တင်ပေးသော သင်တန်းဖြစ်ပါကြောင်း ပြောကြားခဲ့သည်။

ယင်းနောက် တိုင်းဒေသကြီး ပညာရေးမှူး ဦးတိုးဝင်းက အခြေခံပညာဦးစီးဌာန၊ စီမံရေးရာဝန်ထမ်းများ၏ စွမ်းဆောင်ရည်မြှင့်တင်ရေး သင်တန်းဖွင့်လှစ်ရခြင်းနှင့် ပတ်သက်၍ ရှင်းလင်းတင်ပြပြီး ဖွင့်ပွဲအခမ်းအနားကို ရုပ်သိမ်းခဲ့ကြသည်။

အဆိုပါ စစ်ကိုင်းတိုင်းဒေသကြီး အခြေခံပညာဦးစီးဌာန၊ စီမံရေးရာဝန်ထမ်းများ၏ စွမ်းဆောင်ရည်မြှင့်တင်ရေး သင်တန်းကို ဖေဖော်ဝါရီလ(၂၂)ရက်နေ့မှ ဖေဖော်ဝါရီလ (၂၆)ရက် နေ့အထိ သင်ကြားသွားမည်ဖြစ်ပြီး သင်တန်းသို့ တိုင်းဒေသကြီးအတွင်းရှိ ခရိုင်ပညာရေးမှူးရုံး(၈)ရုံးမှ စီမံ၊ဘဏ္ဍာဝန်ထမ်း သင်တန်းသား၊ သင်တန်းသူ (၃၂)ဦးမှ Video Conferencing စနစ်ဖြင့် တက်ရောက်သွားမည် ဖြစ်ကြောင်းသိရသည်။

ဆက်လက်ပြီး တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်နှင့် တာဝန်ရှိသူများသည် မုံရွာခရိုင်၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနရုံးဖွင့်ပွဲ အခမ်းအနားသို့ တက် ရောက်ကြသည်။ ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်က အဖွင့်အမှာစကား ပြောကြားပြီး တိုင်းဒေသကြီးပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဦးကျော်အောင်မိုး ခရိုင်ရုံးဖွင့်လှစ်ခြင်း၏ ရည်ရွယ်ချက်အား ရှင်းလင်းတင်ပြကာ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက အခမ်းအနားသို့ တက်ရောက်လာကြသူများအား ရင်းရင်းနှီးနှီး လိုက်လံနှုတ်ဆက်ကာ အခမ်းအနားကို ရုပ်သိမ်းခဲ့ကြောင်း သတင်းရရှိသည်။

 ဖေဖော်ဝါရီ ၂၁
စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်သည် တိုင်းဒေသကြီးလုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး ဝင်းတင်စိုး၊ တိုင်းဒေသကြီး သယံဇာတရေးရာဝန်ကြီး ဦးတင်သန်းဝင်း၊ လူမူရေးရာဝန်ကြီး ဦးအေးလိူင်၊ တိုင်းဒေသကြီးလမ်းပန်းဆက်သွယ်ရေးဝန်ကြီး ရဲမှူးကြီးကျော်ထွန်းနှင့် တိုင်းဒေသကြီးအဆင့်ဌာနဆိုင်ရာများ လိုက်ပါလျက် ဖေဖော်ဝါရီလ(၂၁)ရက်၊ နံနက်ပိုင်းတွင် ယင်းမာပင်ခရိုင်၊ ယင်းမာပင်မြို့၊ မဟာဇောတိကာရာမ ကျောင်းတိုက် ဆရာတော်ကြီးထံ လှူဘွယ်ပစ္စည်း၊ ဝတ္တုငွေ၊ ဆွမ်း ဆန်တော်နှင့်ဆီတို့အား ဆက်ကပ်လှူဒါန်းပြီး သာသနာရေးဆိုင်ရာများ လျှောက်ထားခဲ့ကြသည်။ ယင်းနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် ယင်းမာပင် ခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ရုံး အစည်းအဝေးခန်းမတွင် ကျင်းပသော ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာများနှင့် တွေ့ဆုံပွဲအခမ်းအနားသို့ တက်ရောက်ကြသည်။ ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်က နိုင်ငံတော်နှင့် တိုင်းဒေသကြီးအစိုးရအဖွဲ့အနေဖြင့် ယင်းမာပင်ခရိုင်/ မြို့နယ်အတွင်းရှိ ဒေသခံပြည်သူများအတွက် စိုက်ပျိုးရေး၊ မွေးမြူရေး၊ ပညာရေး၊ ကျန်းမာရေး၊ စီးပွားရေး၊ လူမူရေး၊ လမ်းပန်းဆက်သွယ်ရေး ကောင်းမွန်အောင် ဆောင်ရွက်ပေးနေမှု၊ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံပေးရေး၊ ဒေသလုံခြုံတည်ငြိမ်အေးချမ်းရေးနှင့် တရားဥပဒေစိုးမိုးရေးအတွက် အလေးအနက်ထားကာ ဆောင်ရွက်ပေးလျက်ရှိမှုအခြေအနေများနှင့် ဝန်ထမ်းများ၏ လုံခြုံရေးကို Online မှ ခြိမ်းခြောက်မှုများရှိနေသော်လည်း ခြိမ်းခြောက်မှုကိုဂရုမပြုဘဲ မိမိတာဝန်အပေါ် သစ္စာရှိစွာဖြင့် ကျေပွန်စွာ ဆောင်ရွက်နေသူများအား အသိအမှတ်ပြုပြောဆိုကာ အခက်အခဲနှင့်လိုအပ်မှုများကို ပေါင်းစပ် ဖြည့်ဆည်းမှုများကို ရှင်းလင်းပြောကြားခဲ့သည်။

 ယင်းနောက် တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့် တိုင်းဒေသကြီး အဆင့် ဌာနဆိုင်ရာများမှ ယင်းမာပင်ခရိုင်အတွင်းရှိ မြို့နယ်/ကျေးရွာများတွင် ဆောင်ရွက်ပေးလျှက် ရှိသော ဒေသဖွံ့ဖြိုးရေးနှင့် ဒေသတည်ငြိမ်အေးချမ်းရေးအတွက် ဆောင်ရွက်ပေးနေမှုများနှင့် ပတ်သက်၍ အသီးသီး ရှင်းလင်းပြောကြားပြီး ယင်းမာပင်ခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဌက ယင်းမာပင်ခရိုင်အတွင်းရှိ မြို့နယ်များ၏ ဒေသဆိုင်ရာအချက်အလက်များကို ရှင်းလင်းတင်ပြ သည်။

ယင်းနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်က ယင်းမာပင်ခရိုင် ဌာနဆိုင်ရာဝန်ထမ်းများအတွက် ငွေကျပ်- ၅ သိန်းနှင့် စားသောက်ဖွယ်ရာများ၊ ပုလဲမြို့နယ်၊ တောင်ပိုင်း ရပ်ကွက်၊ မီးဘေးသင့်အိမ်ထောင်စု (၉)ဦးအား ငွေကျပ်- ၁၀၅၂၂၂၀၀ - (တစ်ရာ့ငါးသိန်း နှစ်သောင်းနှစ်ထောင့်နှစ်ရာ)ကျပ်တို့အား ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဌနှင့် တာဝန်ရှိသူများ ထံသို့ ပေးအပ်ခဲ့ပြီး၊ လူမူရေးရာဝန်ကြီး ဦးအေးလိူင်က ယင်းမာပင်မြို့နယ်၊ ဌာနဆိုင်ရာဝန်ထမ်းများအတွက် ငွေကျပ် - ၅ သိန်း နှင့် စားသောက်ဖွယ်ရာများအား လည်း ကောင်း၊ တိုင်းဒေသကြီးလမ်းပန်းသွယ်ရေးဝန်ကြီး ရဲမှူးကြီးကျော်ထွန်းက ပုလဲမြို့နယ်၊ ဌာနဆိုင်ရာဝန်ထမ်းများအတွက် ငွေကျပ်- ၅ သိန်းနှင့် စားသောက်ဖွယ်ရာများအား လည်းကောင်း၊ လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးဝင်းတင်စိုးက လုံခြုံရေးလုပ်ငန်း များ ဆောင်ရွက်နေကြသော မြန်မာနိုင်ငံရဲတပ်ဖွဲ့နှင့် တပ်မတော်သားများအတွက် ငွေကျပ် - ၅ သိန်းစီနှင့် စားသောက်ဖွယ်ရာများအား တာဝန်ရှိသူများထံ အသီးသီးပေးအပ်ခဲ့ကြပြီး တိုင်းဒေသကြီးဝန်ကြီးချုပ်က နိဂုံးချုပ်စကားပြောကြားကာ တွေ့ဆုံပွဲအခမ်းအနားသို့ တက်ရောက်လာသူများအား ရင်းရင်းနှီးနှီးလိုက်လံနှုတ်ဆက်အားပေးပြီး အခမ်းအနားကို ရုပ်သိမ်းခဲ့ကြသည်။

ဆက်လက်ပြီး တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်နှင့် တာဝန်ရှိသူများသည် ယင်းမာပင်မြို့၊ ပြည်သူဆေးရုံအတွင်းရှိ တိုင်းဒေသကြီးအစိုးရအဖွဲ့မှ ပေးအပ်သည့် တစ်နာရီ လျှင် လီတာ(၄၀)ဆံ့၊ အောက်ဆီဂျင်အိုး (၈)လုံးထွက်ရှိသည့် အောက်ဆီဂျင်စက်ရုံ ဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်ကြသည်။


ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်၊ တိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ တိုင်းဒေသကြီးဦးစီးမှူး ဦးဝင်းနိုင်၊ ယင်းမာပင်ခရိုင် စီမံအုပ်ချုပ် ရေးအဖွဲ့ ဥက္ကဌတို့က အောက်ဆီဂျင်စက်ရုံအား ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးကြပြီး အောက်ဆီဂျင်စက်ရုံ လည်ပတ်နေမှုအခြေအနေအား လှည့်လည်ကြည့်ရှစစ်ဆေးပြီး လိုအပ်သည်များကို တာဝန်ရှိသူ များနှင့် ဖြည့်ဆည်းပေါင်းစပ် ဆောင်ရွက်ပေးကာ ဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်လာသူများ အား ရင်းရင်းနှီးနှီး လိုက်လံနှုတ်ဆက် အားပေးခဲ့ကြောင်း သတင်းရရှိသည်



ဖေဖော်ဝါရီ ၁၉
စစ်ကိုင်းတိုင်းဒေသကြီး ကိုဗစ်-၁၉ ရောဂါကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်း ညှိနှိုင်းအစည်းအဝေး (၆/၂၀၂၂)ကို ဖေဖော်ဝါရီလ(၁၈)ရက်၊ နံနက်(၉) နာရီအချိန်တွင် တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမတွင် ကျင်းပရာ အစည်းအဝေးသို့ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ တိုင်းဒေသကြီး ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီအဖွဲ့ ဝင်များ၊ တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာအကြီးအကဲများ၊ မုံရွာခရိုင်/မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဌနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။

ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်က စစ်ကိုင်းတိုင်းဒေသကြီး အတွင်းရှိ မြို့နယ်များအနေဖြင့် ကိုဗစ်-၁၉ ရောဂါပိုးစစ်ဆေးမှုများကို အရှိန်အဟုတ်မြှင့် ဆောင်ရွက်သွား ကြရန်နှင့် မြို့ဝင်/မြို့ထွက် လူစည်ကားရာနေရာများ၊ စည်ပင်သာယာဈေးများ၊ လေယာဉ်ကွင်း၊ ကားဂိတ်များတွင် ရောဂါပိုးစစ်ဆေးမှုများ ကြပ်မတ်ဆောင် ရွက်ရန်လိုအပ်ပါကြောင်း၊ အသိပညာပေးလုပ်ငန်းများ ဆောင်ရွက်ရန်နှင့် တိုင်းဒေသကြီးအတွင်းရှိ မြို့နယ်များသို့ ကာကွယ်ရေးပစ္စည်းများ ဖြန့်ဝေပေးထားရန် လိုအပ်ပါကြောင်း၊ Positive Center နှင့် Quarantin Center များတိုးချဲ့ဆောင်ရွက်ထားရေးနှင့် ကာကွယ်ဆေးထိုးလုပ်ငန်းများကိုလည်း အရှိန်အဟုတ်မပျက် ထိုးနှံသွားရန်နှင့် စုစည်းအားဖြင့် ဝိုင်းဝန်းဆောင်ရွက်ပြီး တိုင်းဒေသကြီးအစိုးရအဖွဲ့၊ ခရိုင်၊ မြို့နယ်များ ဝိုင်းဝန်းပေါင်းစပ် ဆောင်ရွက်ကာ အိုမီခရွန်ကူးစက်မှုအား လျော့နည်းစေရေး ဆောင်ရွက်ရမည် ဖြစ်ပါကြောင်း ပြောကြားခဲ့သည်။

ယင်းနောက် အစည်းအဝေးသို့ တက်ရောက်လာကြသော တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ တပ်မတော်အရာရှိကြီးများနှင့် တာဝန်ရှိသူများက နေ့စဉ်ရောဂါပိုးစစ်ဆေးတွေ့ရှိမှု၊ ဆေးရုံတက်ရောက် ကုသမှုနှင့်ဆေးရုံဆင်းမှု၊ သတ်မှတ်လျာထားချက် ပြည့်မီအောင်ကာကွယ် ဆေးထိုးနှံမှုအခြေအနေများ၊ အောက်ဆီဂျင်ထုတ်လုပ်သုံးစွဲမှု၊ မြို့ဝင်မြို့ထွက်နေရာများတွင် ကျန်းမာရေးစစ်ဆေးရေး စခန်းများချထား၍ စစ်ဆေးဆောင်ရွက်နေမှု၊  လုံခြုံရေးဆောင်ရွက်ပေးနေမှု အခြေအနေများ၊ ပြည်သူများအသိနှင့် သတိရှိရေးအတွက် အသိပညာပေးရေးနှင့် ပတ်သက်၍ အသီးသီး အကြံပြုဆွေးနွေးတင်ပြကြ သည်။

ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်က ကိုဗစ်-၁၉ ရောဂါကာကွယ်၊ ထိန်းချုပ်၊ ကုသရေး လုပ်ငန်းများနှင့် ပတ်သက်၍ အသီးသီးဆွေးနွေး တင်ပြချက်များ အပေါ် လိုအပ်သည်များကို တာဝန်ရှိသူများနှင့် ဖြည့်ဆည်းပေါင်းစပ် ဆောင်ရွက်ပေးပြီး နိဂုံးချုပ်စကား ပြောကြားကာ အစည်းအဝေးကို ရုပ်သိမ်းခဲ့ကြသည်။

ဆက်လက်ပြီး တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်နှင့် တာဝန်ရှိသူများသည် ဖေဖော်ဝါရီလ (၁၉)ရက် နံနက်ပိုင်းတွင် မုံရွာစီးပွားရေးတက္ကသိုလ်ရှိ ကိုဗစ်-၁၉ ရောဂါ Quarantin Center အမျိုးသား၊ အမျိုးသမီးအဆောင်နှင့် Positive Center အမျိုးသား၊ အမျိုးသမီးအဆောင်များ ပြင်ဆင်ဆောင်ရွက်ထားရှိမှုအား တာဝန်ရှိသူများက လိုက်လံရှင်းလင်း တင်ပြကြပြီး တိုင်းဒေသကြီး ဝန်ကြီးချုပ်က ရှင်းလင်းတင်ပြချက်များအပေါ် လိုအပ်သည်များကို တာဝန်ရှိသူများနှင့် ဖြည့်ဆည်းပေါင်းစပ် ဆောင်ရွက်ပေးကာ အိပ်ဆောင်များအား လှည့်လည် ကြည့်ရှုစစ်ဆေးခဲ့ကြသည်။

ယင်းနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် မုံရွာတက္ကသိုလ်အတွင်းရှိ ဓမ္မာရုံနှင့် ရွှေစည်းခုံစေတီတော်မြတ်ကြီးရှိ သာသနာ့ဗိမ္မာန်တော်တို့တွင် မုံရွာမြို့ပေါ် ရှိရပ်ကွက်များမှ ဒေသခံပြည်သူများအား ကိုဗစ်-၁၉ ရောဂါ ပထမအကြိမ် Phase 7 ကာကွယ် ဆေးများထိုးနှံ ပေးနေမှုများအား လိုက်လံကြည့်ရှု အားပေးပြီး ကာကွယ်ဆေး ထိုးနှံနေကြသည့် ပြည်သူများအား ရင်းရင်းနှီးနှီးလိုက်လံ နုတ်ဆက်အားပေးကာ ကာကွယ်ဆေးထိုးနှံရေး လုပ်ငန်း များ ရာနှုန်းပြည့်အောင်မြင်အောင် ထိုးနှံနိုင်ရေး တာဝန်ရှိသူများနှင့် ဖြည့်ဆည်းပေါင်းစပ် ဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိသည်။  

ဖေဖော်ဝါရီ ၁၈
စစ်ကိုင်းတိုင်းဒေသကြီးဒေသဆိုင်ရာခရီးသွားလုပ်ငန်းကော်မတီ(၂/၂၀၂၂) ကြိမ်မြောက် အစည်းအဝေးကို ဖေဖော်ဝါရီလ(၁၈)ရက်၊ မွန်းလွဲ(၁)နာရီ အချိန်တွင် တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမတွင် ကျင်းပရာ အစည်းအဝေးသို့ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကျော်၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် စီးပွားရေးရာဝန်ကြီး ဒေါ်ရီရီသန်း၊ တိုင်းဒေသကြီးဒေသဆိုင်ရာ ခရီးသွားလုပ်ငန်းကော်မတီဝင်များ၊ ဖိတ်ကြားထားသူများ တက်ရောက်ကြသည်။

ရှေးဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ်၊ တိုင်းဒေသကြီး ဒေသဆိုင်ရာခရီးသွားလုပ်ငန်းကော်မတီဥက္ကဌ ဦးမြတ်ကျော်က စစ်ကိုင်းတိုင်းဒေသကြီးအတွင်းမှာ ပြည်တွင်းခရီးသွားများ စိတ်ဝင်စားတဲ့၊ ထင်ရှားတန်ခိုးကြီးတဲ့ ဘုရားပုထိုးစေတီများ ရှိတဲ့အပြင် ပြည်တွင်း/ပြည်ပ ခရီးသွားများ စိတ်ဝင်စားတဲ့ တောတောင်သဘာဝနဲ့ တိုင်းရင်းသားရိုး ရာဓလေ့များကို လေ့လာနိုင်တဲ့ ခရီးစဉ်နေရာတွေလည်း ရှိပါကြောင်း၊ တိုင်းဒေသကြီးအတွင်းရှိ ခရီးစဉ်ဒေသများကို လာရောက်ကြတဲ့ ပြည်တွင်းခရီးသွားတွေရဲ့ ပုံရိပ်မှတဆင့် နိုင်ငံတကာခရီးသွားများကို ဆွဲဆောင်မှုပေးနိုင်မှာဖြစ်ပါကြောင်း၊ ကိုဗစ်-၁၉ အလွန်ကာလမှာ ခရီးသွားလုပ်ငန်းဖွံ့ဖြိုးတိုးတက်ဖို့အတွက် ပြည်တွင်းခရီးသွားလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်မှုကနေ စတင်ကြရမှာ ဖြစ်ပါကြောင်း၊ ခရီးသွားလုပ်ငန်းဖွံ့ဖြိုးတိုးတက်လာခြင်းနှင့်အတူ ခရီးသွားပြည်သူများ ကျန်းမာရေးနဲ့ ဘေးကင်းလုံခြုံစိတ်ချရတဲ့ ဝန်ဆောင်မှုများပေးနိုင်ဖို့ ကြိုတင်ဆောင်ရွက်ထားကြရန် လိုအပ်ပါကြောင်း၊ ခရီးသွားလုပ်ငန်း ဖွံ့ဖြိုးတိုးတက်လာခြင်းကြောင့် ဒေသခံတွေ အလုပ်အကိုင် အခွင့်အလမ်းရရှိပြီး ဝင်ငွေတိုးပွားလာခြင်းကြောင့် ဒေသခံတို့ရဲ့လူမူဘဝများ မြင့်မားလာစေမှာ ဖြစ်ပါကြောင်း ပြောကြားသည်။

ယင်းနောက် တိုင်းဒေသကြီး ဒေသဆိုင်ရာခရီးသွား လုပ်ငန်းကော်မတီ ဒုတိယဥက္ကဌ၊ တိုင်းဒေသကြီး စီးပွားရေးရာဝန်ကြီး ဒေါ်ရီရီသန်းက ဒေသဆိုင်ရာခရီးသွား လုပ်ငန်းဆိုင်ရာ များနှင့် ပတ်သက်၍ အမှာစကားပြောကြားပြီး ဟိုတယ်နှင့်ခရီးသွား ညွှန်ကြားမှုဦးစီးဌာန၊ ဒေသ ဆိုင်ရာခရီးသွား လုပ်ငန်းကော်မတီ အတွင်းရေးမှူး ဦးအောင်သူဦးမှ တိုင်းဒေသကြီးအတွင်း ဟိုတယ်/တည်းခိုရိပ်သာ လုပ်ငန်းလိုင်စင် ပေးထားမှုအခြေအနေ၊ ဇန်နဝါရီလအတွင်း တိုင်းဒေသကြီး ပို့ဆောင်ရေးစီမံကိန်းဦးစီးဌာန၏ ခရီးသွားဝင်ရောက်မှုစာရင်း၊ ဇန်နဝါရီလအတွင်း မုံရွာ လေဆိပ်သို့ ခရီးသည် ဦးရေဝင်/ထွက်မှုစာရင်းနှင့် ဟိုတယ်/တည်းခိုရိပ်သာ လုပ်ငန်းလိုင်စင် အဆင့်တိုးမြှင့်ရန်နှင့် သက်တမ်းတိုးတင်ပြလျှောက်ထားလာခြင်း လုပ်ငန်းများနှင့် ပတ်သက်၍ Power Point ဖြင့် ရှင်းလင်းတင်ပြသည်။

ဆက်လက်၍ အစည်းအဝေးသို့ တက်ရောက်လာသူများမှ စစ်ကိုင်းတိုင်းဒေသကြီးအတွင်းဒေသဆိုင်ရာခရီးသွား လုပ်ငန်းဆိုင်ရာကိစ္စရပ်များနှင့် ပတ်သက်၍ အသီးသီးအကြံပြု ဆွေးနွေးတင်ပြကြသည်။ ထို့နောက် စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ်၊ တိုင်းဒေသကြီး ဒေသဆိုင်ရာခရီးသွားလုပ်ငန်းကော်မတီ ဥက္ကဌ ဦးမြတ်ကျော်က တိုင်းဒေသကြီးဒေသဆိုင်ရာ ခရီးသွားလုပ်ငန်း ဆိုင်ရာကိစ္စရပ်များနှင့် ပတ်သက်၍ အသီးသီး အကြံပြုဆွေးနွေး တင်ပြချက်များအပေါ် လိုအပ်သည်များကို တာဝန်ရှိသူများနှင့် ဖြည့်ဆည်းပေါင်းစပ် ဆောင်ရွက်ပေးပြီး နိဂုံးချုပ်စကား ပြေ ကြားကာ အစည်းအဝေးကို ရုပ်သိမ်းခဲ့ကြောင်း သတင်းရရှိသည်။   

 

သတင်း အချက်အလက်