မုံရွာ ၊ စက်တင်ဘာ ၃၀

စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်သည် တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင် များ၊ တိုင်းဒေသကြီးအဆင့်ဌာနဆိုင်ရာများနှင့် တာဝန်ရှိသူများလိုက်ပါလျက် စက်တင်ဘာလ ၃၀ ရက်နေ့၊ နံနက်ပိုင်းတွင် မုံရွာမြို့၊ လယ်တီရပ်ကွက်ရှိ ပြည်ထောင်စုဈေးကြီးတွင် စားသုံးသူရေးရာဦးစီးဌာန၊ မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန၊ ဆန်ကုန်သည်ကြီးများအသင်း၊ ဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များအသင်း၊ ဟင်းသီးဟင်းရွက်စိုက်ပျိုး ထုတ်လုပ်ရောင်းချသူများအသင်းနှင့် အသား၊ငါး၊ကြက်ဥမွေးမြူထုတ်လုပ်ရောင်းချသူများအသင်းတို့ ပူးပေါင်း၍ ပြည်သူများအား အခြေခံစားသောက်ကုန်များ ဈေးနှုန်းသက်သာစွာဖြင့် ဝယ်ယူစားသုံးနိုင်ရေးအတွက် ဆန်၊ ဆီ၊ ကြက်ဥနှင့် ဟင်းသီးဟင်းရွက်များ ရောင်းချပေးနေမှုအား သွားရောက်ကြည့်ရှုအားပေးခဲ့ကြပြီး လိုအပ်သည်များကို တာဝန်ရှိသူများနှင့် ဖြည့်ဆည်းပေါင်းစပ် ဆောင်ရွက်ပေးခဲ့သည်။

ဆက်လက်၍ တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် တိုင်းဒေသကြီး အစိုးရအဖွဲ့ရုံးနှင့် အထွေထွေအပ်ချုပ်ရေးဦးစီးဌာနရုံးမှ အရာထမ်း၊အမှုထမ်း ဝန်ထမ်းများနှင့် မိသားစုဝင်များအား ဝန်ထမ်းသက်သာချောင်ချီရေးအတွက် တန်ဖိုးသင့်စားသောက်ကုန်များ ရောင်းချပေးနေမှုများအား လိုက်လံကြည့်ရှုအားပေးခဲ့ကြသည်။

ယင်းနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် မုံရွာမြို့၊ အောင်ချမ်း သာရပ်ကွက်ရှိ တိပိဋကာလင်္ကာရသာမဏေကျော် ကျောင်းတိုက်ကြီးတွင် ဌာနဆိုင်ရာဝန်ထမ်း များအား တန်ဖိုးသင့်စားသောက်ကုန်များ ရောင်းချပေးနေမှုများအား ကြည့်ရှုအားပေးခဲ့ကြပြီး အဆိုပါကျောင်းတိုက်ကြီးအတွင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနမှဝန်ထမ်းများ၊ စည်ပင်သာယာရေးအဖွဲ့များ၊ လူမူရေးအသင်းအဖွဲ့များ၊ စုပေါင်း၍  စုပေါင်းသန့်ရှင်းရေးလုပ်ငန်းများအား ဆောင်ရွက်ခဲ့ကြသည်။

အဆိုပါ စုပေါင်းသန့်ရှင်းရေး လုပ်ငန်းများဆောင်ရွက်နေမှုအား တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များနှင့် တာဝနှ်ရှိသူများက လိုက်လံကြည့်ရှုအားပေးပြီး စုပေါင်းသန့်ရှင်းရေးလုပ်ငန်းများ ဆောင်ရွက်နေကြသူများအား စားသောက်ဖွယ်ရာများဖြင့် ကျွေးမွေးဧည့်ခံခဲ့ကြသည်။

အလားတူ စစ်ကိုင်းတိုင်းဒေသကြီးအတွင်းရှိ နာဂကိုယ်ပိုင်အုပ်ခွင့်ရဒေသနှင့် ခရိုင် ၁၃ ခရိုင်၊ မြို့နယ် ၂၆ မြို့နယ်တို့တွင် တပ်မတော်သားများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ မီးသတ် တပ်ဖွဲ့ဝင်များ၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဝန်ထမ်းများ၊ ဌာနဆိုင်ရာဝန်ထမ်းများနှင့် စည်ပင်သာယာရေးအဖွဲ့များ စုစုပေါင်းအင်အား ၃၂၀၀ ဦးကျော်ဖြင့် ဘုန်းတော်ကြီးကျောင်းများနှင့် မြို့သန့်ရှင်းသပ်ရပ်သာယာရေးလုပ်ငန်းများကို စုပေါင်းဆောင်ရွက်ခဲ့ကြသည်။

ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် တိပိဋကာလင်္ကာရ သာမဏေကျော် ကျောင်းတိုက်ဆရာတော်ကြီးနှင့် ပင့်သံဃာဆရာတော်များထံ လှူဖွယ်ပစ္စည်းများနှင့် ရွှေရတုပညာပါရမီ RC ၂ ထပ် ကျောင်းဆောင်သစ် ဆောက်လုပ်ရန်အတွက် ဘိလပ် မြေအိတ် - ၃၀၀၀ အားဆက်ကပ်လှူဒါန်းကာ သာသနာရေးဆိုင်ရာများ လျှောက်ထားခဲ့ကြပြီး အလျား - ၁၃၀ ပေ၊ အနံ - ၃၀ ပေရှိ ကျောင်းဆောင်သစ် တည်ဆောက်နေမှုအား ကြည့်ရှုစစ်ဆေး ကာလိုအပ်သည်များကို တာဝန်ရှိသူများနှင့် ဖြည့်ဆည်းပေါင်းစပ် ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

viber_image_2023-09-30_16-49-50-622.jpg

viber_image_2023-09-30_16-49-50-721.jpg

viber_image_2023-09-30_16-49-50-830.jpg

viber_image_2023-09-30_16-49-50-936.jpg

viber_image_2023-09-30_16-49-51-033.jpg

viber_image_2023-09-30_16-49-51-129.jpg

 

သတင်း အချက်အလက်