မုံရွာ ၊ စက်တင်ဘာ ၁၄

စစ်ကိုင်းတိုင်းဒေသကြီး (၂၄)ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားကို စက်တင်ဘာလ ၁၄ ရက်နေ့၊ နံနက်ပိုင်းတွင် စစ်ကိုင်း ပညာရေးတက္ကသိုလ်ရှိ ဘွဲ့နှင်းသဘင်ခန်းမတွင် ကျင်းပရာ ဖွင့်ပွဲအခမ်းအနား သို့ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များ၊ တိုင်းဒေသကြီး/ခရိုင်/မြို့နယ် အဆင့်ဌာနဆိုင်ရာများ၊ စစ်ကိုင်းပညာရေးတက္ကသိုလ် ပါမောက္ခချုပ်နှင့်ဆရာ၊ဆရာများ၊ အကဲဖြတ်အနုပညာရှင်များနှင့် တိုင်းဒေသကြီးအတွင်းရှိပြိုင်ပွဲဝင်အနုပညာရှင်များ တက်ရောက် ကြသည်။ ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်က တိုင်းဒေသကြီး အဆင့်  မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲအား တိုင်း၊ခရိုင်၊မြို့နယ် အသီးသီးမှ မျိုးဆက်သစ်ရွက်ပုံးသီးအနုပညာရှင်များကို ဖော်ထုတ်မြှင့်တင်ပြီး အရည်အချင်း ရှိသူများကို ရွေးချယ်စုဖွဲ့လေ့ကျင့်ပြီး နိုင်ငံတော်အဆင့်သို့ တိုင်းဒေသကြီးကိုယ်စားပြု သွားရောက်ယှဉ်ပြိုင်နိုင်ရေးအတွက်ရည်ရွယ်၍ ကျင်းပရခြင်းဖြစ်ပါကြောင်း၊ မိမိတို့၏ အမျိုး ဘာသာ၊သာသနာနှင့်ယဉ်ကျေးမှုအမွေအနှစ်များ၊ အမျိုးသားရေးစရိုက်လက္ခဏာများအား ချစ်မြတ်နိုးစိတ်ဖြင့် အမျိုးဂုဏ်၊ဇာတိဂုဏ်မြင့်မားရေးနှင့် ယဉ်ကျေးမှု အမွေအနှစ်လက္ခဏာများ၊ တိုင်းရင်းသားတို့၏ ရိုးရာဓလေ့ထုံးစံများအား ဝံသာနုစိတ်ဓာတ်ဖြင့် တစ်မျိုးသားလုံးမှ ဝိုင်းဝန်း ထိန်းသိမ်းစောင့်ရှောက်ပေးကြပြီး မျိုးဆက်သစ်လူငယ်များအား ယဉ်ကျေးမှုအမွေအနှစ် အမွေ ပေးကြရန် အလေးအနက်ထားပြောကြားလိုပါကြောင်း၊ မိမိတို့တိုင်းဒေသကြီးသည် ရဟန်း ပညာရှိ၊ လူပညာရှိ များနှင့် အနုပညာရှင်များစွာပေါ်ထွန်းခဲ့သော အစဉ်အလာကောင်းရှိခဲ့သည့် တိုင်းဒေသကြီးဖြစ်တာနှင့်အညီ မြန်မာ့သုခုမအနုပညာရပ်များအား အစဉ်ရှင်သန်ဖွံ့ဖြိုးတိုးတက် နေရေးအတွက် ဝါရင့်၊သဘာရင့်အနုပညာရှင်ကြီးများမှ အနာဂတ်မျိုးဆက်သစ် လူငယ် မောင်မယ်များအား မိမိတို့ကျွမ်းကျင်တတ်မြောက်ထားသည့် အနုပညာရပ်များကို လက်ဆင့် ကမ်းအမွေပေး၍ မျိုးဆက်သစ်လူငယ်မောင်မယ်များမှလည်း အနုပညာရှင်ကြီးများထံမှ အနုသုခုမပညာရပ်များကို သင်ယူလိုချင်စိတ်အပြည့်အဝဖြင့် မှတ်သားနာခံပြီး အစွမ်းကုန် လေ့ကျင့်ကြိုးစား အားထုတ်သွားကြရန် လိုအပ်ပါကြောင်း၊ အကဲဖြတ်အမှတ်ပေး ဒိုင်လူကြီး များအနေဖြင့်လည်း ပြိုင်ပွဲဝင်များ၏ ပကတိစွမ်းဆောင်နိုင်မှု အရည်အချင်းအား အရှိအတိုင်း သုံးသပ်ရှုမြင်ပြီး မှန်မှန်ကန်ကန်နှင့် တိုင်းဒေသကြီး၏ ကိုယ်စားပြုလက်ရွေးစင်ပြိုင်ပွဲဝင် များအား ရည်ရွယ်ချက်၊မျှော်မှန်းချက်ကောင်းများဖြင့် ရွေးချယ်ပေးသွားကြရန် တိုက်တွန်း ပြောကြားခဲ့သည်။ ယင်းနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်၊ တိုင်းဒေသကြီး သယံဇာတရေးရာဝန်ကြီး ဦးတင်သန်းဝင်း၊ စစ်ကိုင်းပညာရေးတက္ကသိုလ် ပါမောက္ခချုပ် ဒေါက်တာ မြတ်မြတ်သော်၊ အနုပညာရှင် ပန်တျာဦးမြကြည်တို့က (၂၄)ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲ ဖွင့်ပွဲအားဖဲကြိုးဖြတ်ဖွင့်လှစ် ပေးကြသည်။ ဆက်လက်ပြီး တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် အဆိုပါ ကျောင်းဝန်းအတွင်း ကျင်းပလျှက်ရှိသော (၂၄)ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲတွင် တိုင်းဒေသကြီးအတွင်းရှိ ကလေးခရိုင်၊ ကသာခရိုင်၊ ကန့်ဘလူခရိုင်၊ ခန္တီးခရိုင် ရွှေဘိုခရိုင်၊ စစ်ကိုင်းခရိုင်၊ မော်လိုက်ခရိုင်၊ မုံရွာခရိုင်၊ ရေဦးခရိုင်၊ ဟုမ္မလင်းခရိုင်များမှ အမျိုးသား/အမျိုးသမီး အဆိုပြိုင်ပွဲ၊ အကပြိုင်ပွဲ၊ အတီး ပြိုင်ပွဲများအား ကြည့်ရှုအားပေးခဲ့ကြသည်။ အဆိုပါ (၂၄)ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲအား စက်တင်ဘာလ ၁၄ ရက်နေ့မှ ၁၆ ရက်နေ့အထိ ကျင်းပသွားမည် ဖြစ်ပြီး တိုင်းဒေသကြီးအတွင်းရှိ ခရိုင် ၁၀ ခရိုင်မှ ပြိုင်ပွဲဝင်အနုပညာရှင် ၃၁၇ ဦး ယှဉ်ပြိုင်သွားမည်ဖြစ်ကြောင်း  သိရသည်။

0-02-03-d54c02e5535d6f7822c8edc4581c4f1effe6367bec77fd6b5a9ce1be096181fa_803a53d0dc4db4cf.jpg

0-02-03-86eab5615dc93652f831fe97a88704ca1ef49a6dec5802cd416cbcf170d2baef_57d094fb5b80af12.jpg

0-02-03-8b3ceba7af5de518a67247635f9c370c89d2115f59378f5ae55312a69141fa67_bf8c6fe8d781b7f9.jpg

0-02-03-97bbf84b1883c3567b864c0461044b57e14fab7a6bb68186a7473be9cd0a2c95_a4664855aa0ed9b5.jpg

0-02-03-d0d823d49006352906f76d784f63face82a424cd8d20db7b9cd3101b8f656e49_41aa40dbc68dcf19.jpg

0-02-03-72ce1b64a70a6c7f115904dcb202904f2109c40a5ec687408dddec256d9cc18d_547f02c6fa9f20f6.jpg

0-02-03-4fe2801ad744411ab33383975045e26e89e6982bec1aa777e04f50fcd1eb8611_83626bec03fed149.jpg

0-02-03-5d157b86ebad7d46566cedaac30d1a6342d6c5510997e98240d7367d3c2cd6a8_4523e25d22e293a.jpg

 

သတင်း အချက်အလက်