မတ် ၂၁
စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့ လုံခြုံတည်ငြိမ်အေးချမ်းရေးနှင့် တရားဥပဒေစိုးမိုးရေးလုပ်ငန်းညှိနိုင်း အစည်းအဝေး အမှတ်စဉ်(၂/၂၀၂၂)ကို မတ်လ(၂၁)ရက်နေ့ မွန်းလွဲပိုင်းတွင် တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမတွင် ကျင်းပရာ အစည်းအဝေးသို့ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်၊ တိုင်းဒေသကြီး တရားသူကြီးချုပ်နှင့် အစိုးရအဖွဲ့ဝင်များ၊ အနောက်မြောက်တိုင်း စစ်ဌာနချုပ်မှ ဗိုလ်မှူးချုပ် ကျော်စွာဝင်း၊ တိုင်းဒေသကြီးအဆင့်ဌာနဆိုင်ရာများ၊ မုံရွာခရိုင်/မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဌများနှင့် အဖွဲ့ဝင်များ၊ တိုင်းဒေသကြီးအတွင်းရှိ ကလေးခရိုင်၊ စစ်ကိုင်းခရိုင်၊ ရွှေဘိုခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဌများမှ Video Conferencing စနစ်ဖြင့် တက်ရောက်ကြသည်။
ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်က တိုင်းဒေသကြီးအတွင်း လုံခြုံတည်ငြိမ်အေးချမ်းရေးအတွက် ခရိုင်နှင့်မြို့နယ်အလိုက် လုပ်ဆောင်ရမည့် လုံခြုံရေး၊ တရားဥပဒေစိုးမိုးရေးနှင့် အုပ်ချုပ်ရေးဆိုင်ရာလုပ်ငန်းများကို အောင်မြင်အောင် အကောင်အထည်ဖော်ကြရန် လိုအပ်ပါကြောင်း၊ ဒေသတည်ငြိမ်အေးချမ်းမှသာ တရားဥပဒေစိုးမိုးကာ အခြား လုပ်ငန်းဆောင်တာများကိုလည်း ဆောင်ရွက်နိုင်မည်ဖြစ်၍ လုံခြုံမှုရှိရန် အရေးကြီးပါကြောင်း၊ ထိုကြောင့်တာဝန်ရှိသူများ ပေါင်းစပ်ညှိနိုင်းကာ ဒေသလုံခြုံအေးချမ်းအောင် ဆောင်ရွက်သွားရမည်ဖြစ်ပါကြောင်း၊ မြို့ရွာများနှင့် ဆက်သွယ်မှုလမ်းကြောင်းများ အမြဲလုံခြုံစွာဖြင့် သွားလာနိုင်ရန် လုံခြုံရေးတာဝန်ရှိသူများမှ စေတနာထားကာ တာဝန်ယူဆောင်ရွက်ကြရန် လိုအပ်ပါကြောင်း ပြောကြားခဲ့သည်။
ဆက်လက်ပြီး တိုင်းဒေသကြီးအတွင်းရှိ ကလေးခရိုင်၊ စစ်ကိုင်းခရိုင်၊ ရွှေဘိုခရိုင်များ မှ စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဌများက Video Conferencing စနစ်ဖြင့် လည်းကောင်း၊ မုံရွာခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဌတို့က မိမိတို့ ခရိုင်များအတွင်းရှိ ခရိုင်/မြို့နယ်များ၏ လုံခြုံတည်ငြိမ်အေးချမ်းရေးနှင့် တရားဥပဒေစိုးမိုးရေးလုပ်ငန်းများ ဆောင်ရွက်နေမှု၊ ပတ်သက်၍ Power Point ဖြင့် အသီးသီးရှင်းလင်း တင်ပြကြသည်။
ယင်းနောက် တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာအကြီးအကဲများနှင့် တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင် ဝန်ကြီးများက တိုင်းဒေသကြီးအတွင်းရှိ ခရိုင် / မြို့နယ်များအတွင်း မိမိတို့ ဌာနများအလိုက် လုံခြုံတည်ငြိမ်အေးချမ်းရေးနှင့် တရားဥပဒေစိုးမိုးရေးလုပ်ငန်းများ ဆောင်ရွက်နေမှုများနှင့် ပတ်သက်၍ အသီးသီးရှင်းလင်း ဖြည့်စွက်ဆွေးနွေး တင်ပြကြသည်။
ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်က တိုင်းဒေသကြီးအတွင်း လုံခြုံ တည်ငြိမ်အေးချမ်းရေးနှင့် တရားဥပဒေစိုးမိုးရေးလုပ်ငန်းများ ဆောင်ရွက်နေမှုအခြေအနေများနှင့် ပတ်သက်၍ အသီးသီးအကြံပြုဆွေးနွေး တင်ပြချက်များအပေါ် လိုအပ်သည်များကို တာဝန်ရှိသူများနှင့် ဖြည့်ဆည်းပေါင်းစပ် ဆောင်ရွက်ပေးကာ နိဂုံးချုပ်စကား ပြောကြားပြီး အစည်းအဝေးကို ရုပ်သိမ်းခဲ့ကြောင်း သတင်းရရှိသည်။