စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော် ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ်၊ အခြေခံ/အဆင့်မြင့် စက်ချုပ်သင်တန်း အမှတ်စဉ် ၃/၂၀၂၃ သင်တန်းဆင်းပွဲ အခမ်းအနား တက်ရောက်
မုံရွာ သြဂုတ် ၇
ကလေးအလုပ်သမားများအား အဆိုးရွားဆုံးပုံစံဖြင့် ခိုင်းစေမှုများလျော့နည်း ပပျောက် စေရေး၊ သင့်လျော်ကောင်းမွန်သည့် အလုပ်အကိုင်အခွင့်အလမ်းများရရှိစေရေးနှင့် မိသားစုဝင်ငွေ တိုးတက်ရရှိကာ အမျိုးသမီးငယ်များ သက်မွေးပညာသင်တန်း များတက်ရောက်နိုင်ရေးအတွက် စစ်ကိုင်းတိုင်းဒေသကြီး ကလေးအလုပ်သမား ပပျောက်ရေးဆိုင်ရာ အလုပ်အကိုင်အခွင့်အလမ်း များဖန်တီးပေးရေးလုပ်ငန်း ကော်မတီ၏ အခြေခံ/အဆင့်မြင့်စက်ချုပ်သင်တန်း အမှတ်စဉ် ၃/၂၀၂၃ သင်တန်းဆင်းပွဲ အခမ်းအနားကို သြဂုတ်လ ၇ ရက်နေ့ နံနက်ပိုင်းတွင် မုံရွာမြို့၊ ပြည်သူ့ အားကစား ကွင်းအတွင်းရှိ မိုးလုံလေလုံအားကစားခန်းမတွင် ကျင်းပရာ သင်တန်းဆင်းပွဲအခမ်း အနားသို့ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များ၊ အနောက်မြောက်တိုင်းစစ်ဌာနချုပ်မှ အရာရှိကြီးများ၊ တိုင်းဒေသကြီး/ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ သင်တန်းသူများနှင့် ဖိတ်ကြားထားသူများ တက်ရောက်ကြသည်။
ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်က ကလေးအလုပ်သမား လျော့နည်း ပပျောက်ရေးအတွက် ဆောင်ရွက်ရာတွင် အလုပ်လုပ်ကိုင်နိုင်သည့် ကလေးများအား လုပ်ငန်း ခွင်မှဖော်ထုတ်ဖယ်ရှားရုံသက်သက် ဆောင်ရွက်ခြင်းမဟုတ်ဘဲ ဥပဒေအရ အကာအကွယ် ပေးရေး၊ ကျောင်းနေအရွယ်အားလုံး ကျောင်းနေနိုင်ရေးအား ကူညီဆောင်ရွက်ပေးရေး၊ မိသားစု အလိုက်ဝင်ငွေ တိုးတက်ရရှိရေးလုပ်ငန်းများနှင့် အလုပ်အကိုင်အခွင့်အလမ်းများ ဆောင်ရွက်ပေး ရေး၊ ဆင်းရဲနွမ်းပါးမှုလျော့ချခြင်းတို့ အားအရပ်ဘက်လူမှုအဖွဲ့အစည်းအားလုံးမှ ဟန်ချက်ညီညီ ပူးပေါင်းဆောင်ရွက်ကြမှသာ ကလေးအလုပ်သမားပပျောက်ရေးလုပ်ငန်းစဉ် အောင်မြင်မှာဖြစ် ပါကြောင်း၊ လူငယ်များနှင့်ကလေးသူငယ်များ၏ ဖွံ့ဖြိုးမှုအခန်းကဏ္ဍသည် နိုင်ငံတစ်နိုင်ငံ၏ အနာဂါတ်ပုံရိပ်အား ဖန်တီးပေးရာမှာ အလွန်အရေးကြီးသည့်အတွက် လူငယ်များနှင့် ကလေးသူငယ်များသည် နိုင်ငံ၏အနာဂတ်အတွက် တန်ဖိုးမဖြတ်နိုင်တဲ့ အရင်းအမြစ်များဖြစ် ပါကြောင်း၊ ကလေးသူငယ်များ ဖွံ့ဖြိုးတိုးတက်ရေး၊ ကလေးအလုပ်သမားပပျောက်ရေး တာဝန်ရှိသူအားလုံးမှပူးပေါင်းဆောင်ရွက်ပေးကြရန် လိုအပ်ပါကြောင်း၊ မိမိတို့တိုင်းဒေသကြီး အစိုးရအဖွဲ့အနေဖြင့် မိမိဒေသနှင့်ကိုက်ညီမှုရှိမည့် အသက်မွေးမှုနှင့် ကျွမ်းကျင်မှုဆိုင်ရာ သင်တန်းများအား စဉ်ဆက် မပြတ် ဖွင့်လှစ်ပေးသွားရန် စီစဉ်ဆောင် ရွက်ထားရှိပါကြောင်း၊
ယခုဖွင့်လှစ်ခဲ့သည့် အခြေခံ/အဆင့်မြင့်စက်ချုပ်သင်တန်းသည် အမျိုးသမီးများအတွက် မိသားစုဝင်ငွေရနိုင်ပြီး အလုပ်အကိုင်အခွင့်အလမ်းများ ရရှိနိုင်၍ ဒေသအသီးသီးမှ သင်တန်းသူများအနေဖြင့် စာတွေ့၊လက်တွေ့သင်ကြား နိုင်ခဲ့အတွက် တန်ဖိုးမဖြတ်နိုင်သည့် သင်တန်းတစ်ခုဖြစ်ပါကြောင်း၊ သင်တန်းသူများ အနေဖြင့်လည်း သင်တန်းမှပို့ချပေးလိုက်သည့် နည်းပညာရပ်များအား စိတ်ပါဝင်စားစွာဖြင့် နာယူမှတ်သားကြပြီး သင်တန်းမှလေ့ကျင့်သင်ကြား ပေးသည့်ပညာရပ်ဖြင့် ဝင်ငွေရရှိမည့်အလုပ်အကိုင်များ ရရှိနိုင်ကြစေရန်နှင့် မိမိတို့ဘဝလုံခြုံမှု အတွက် အထောက်အပံ့ကောင်းများဖြစ်ကြစေရန် တိုက်တွန်းပြောကြားခဲ့သည်။
ယင်းနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်က အခြေခံ/အဆင့်မြင့်စက်ချုပ်သင်တန်း အမှတ်စဉ် ၃/၂၀၂၃ တွင် သင်တန်းထူးချွန်ကျောင်းသူ ၂ ဦးအား စက်ချုပ်စက်များပေးအပ် ချီးမြှင့်ပြီး တိုင်းဒေသကြီး သယံဇာတရေးရာဝန်ကြီး ဦးတင်သန်းဝင်းက သင်တန်းသူများထံ သင်တန်းဆင်းလက်မှတ်များအား လည်းကောင်း၊ တိုင်းဒေသကြီး တိုင်းရင်းသားရေးရာဝန်ကြီး ဦးစိုင်းနိုင်နိုင်ကျော်က သင်တန်းနည်းပြများထံ ဂုဏ်ပြုချီးမြင့်ငွေများအားလည်းကောင်း ပေးအပ် ချီးမြင့်ခဲ့ကြပြီး သင်တန်းသူများကိုယ်စား သင်တန်းသူတစ်ဦးက ကျေးဇူးတင်စကား ပြန်လည် ပြောကြားသည်။
ဆက်လက်ပြီး တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက သင်တန်းသူများနှင့် အတူ စုပေါင်းမှတ်တမ်းတင် ဓါတ်ပုံရိုက်ကူးကာ သင်တန်းခန်းမအတွင်း ပြသထားသော သင်တန်းသူများကိုယ်တိုင် ချုပ်လုပ်ထားသော အဝတ်အထည်များအား လိုက်လံကြည့်ရှုအား ပေးခဲ့ကြပြီး သင်တန်းသူများအား ရင်းရင်းနှီးနှီးလိုက်လံနုတ်ဆက်အားပေးကာ အခမ်းအနားကို ရုပ်သိမ်းခဲ့ကြသည်။
အဆိုပါ စစ်ကိုင်းတိုင်းဒေသကြီး ကလေးအလုပ်သမားပပျောက်ရေးဆိုင်ရာ အလုပ် အကိုင်အခွင့်အလမ်းများဖန်တီးပေးရေးလုပ်ငန်း ကော်မတီ၏ ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ်၊ အခြေခံ/ အဆင့်မြင့်စက်ချုပ်သင်တန်း ၃/၂၀၂၃ သင်တန်းသို့ သင်တန်းသူ စုစုပေါင်း ၂၀ ဦး တက်ရောက် ခဲ့ကြပြီး သင်တန်းကာလ ၁လ အကြာ စာတွေ့၊လက်တွေ့ သင်ကြားပို့ချပေးခဲ့ကြောင်း သိရသည်။