မတ် ၂၄
စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံမှု၊ ပန်းခင်းစီမံချက် အကောင်အထည်ဖော်ဆောင်ရွက်မှု၊ အခွန်ငွေကောက်ခံရရှိမှုနှင့် Mini Budgetတွင် တင်ဒါခေါ်ယူ ဆောင်ရွက်ခဲ့သည့် လုပ်ငန်းများအကောင်အထည်ဖော်ဆောင်ရွက်ပြီးစီးမှု လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို မတ်လ(၂၄)ရက်နေ့နံနက်(၉)နာရီအချိန်တွင် တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမတွင်ကျင်းပရာ အစည်းအဝေးသို့ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်၊ အနောက်မြောက်တိုင်း စစ်ဌာနချုပ်တိုင်းမှူး ဗိုလ်မှူးချုပ် သန်းထိုက်၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ တိုင်းဒေသကြီး ဥပဒေချုပ်၊ တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာ များ၊ မုံရွာခရိုင်/မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဌများနှင့် တိုင်းဒေသကြီးအတွင်းရှိ ကလေး ခရိုင်၊ စစ်ကိုင်းခရိုင်၊ ရွှေဘိုခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဌများမှ Video Conferencing စနစ် ဖြင့် တက်ရောက်ကြသည်။
ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်က တိုင်းဒေသကြီးအတွင်းရှိ ဌာနဆိုင်ရာများ၊ ခရိုင်အုပ်ချုပ်ရေးမှူးများအနေနဲ့ မိမိတို့ဆောင်ရွက်နေတဲ့ လုပ်ငန်းများနှင့်ပတ်သက်ပြီး ဆောင်ရွက်ပြီးစီးမှုအခြေအနေ၊ ကျန်ရှိနေတဲ့ လုပ်ငန်းများအပေါ် ဆက်လက်ဆောင်ရွက်မဲ့ အခြေအနေများကို ပွင်းလင်းမြင်သာစွာနဲ့ ဆွေးနွေးတင်ပြကြရန် မှာကြားလိုပါကြောင်း၊ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံရေး လုပ်ငန်းများကိုလည်း တာဝန်ရှိများအနေနဲ့ သက်မှတ်ကာလအတွင်း သက်မှတ်ချက်ပြည့်မီအောင် ကြိုးစားဆောင်ရွက် ကြရန်လိုအပ်ပါ ကြောင်း၊ ပန်းခင်းစီမံချက် အကောင်အထည်ဖော် ဆောင်ရွက်ရာတွင် ၇၅% ဆောင်ရွက်ပြီးစီး ခဲ့ပြီး သက်မှတ်ကာလတွင် ရာနှုန်းပြည့်အမြန်ပြီးစီးအောင် ဆောင်ရွက်သွားကြရန် လိုအပ်ပါ ကြောင်း၊ အခွန်ကောက်ခံမှုအနေနဲ့ ပတ်သက်လို့ တိုင်းဒေသကြီးအတွင်း အခွန်ကောက်ခံတဲ့ဌာနကြီးများအနေဖြင့် ၂၀၂၁-၂၀၂၂ ခုနှစ်၊ ၆လဘတ်ဂျက်ကာလအတွင်း သက်မှတ်ချက်ပြည့်မီအောင်ကောက်ခံနိုင်ရေး ကြိုးစားဆောင်ရွက်ခဲ့သော်လည်း အခြေအနေအရပ်ရပ်အရ ကောက်ခံရန်ကျန်အခွန်တို့အား ထပ်မံကောက်ခံရန် လိုအပ်ပါကြောင်း၊ ၂၀၂၁-၂၀၂၂ ခုနှစ်၊ ၆ လ ဘက်ဂျက် ကာလအတွင်း တင်ဒါလုပ်ငန်းများကို သက်မှတ်ကာလအတွင်း စံချိန်စံညွှန်းမီအရည်အသွေးကောင်းမွန်စွာဖြင့် အချိန်မီပြီးပြတ်အောင်ဆောင်ရွက်နိုင်ခဲ့သော်လည်း အချို့လုပ်ငန်းများ အပြီးသတ်ရန်ကျန်ရှိပါက အချိန်နှင့်တစ်ပြေးညီ တိုင်းဒေသကြီးအစိုးရအဖွဲ့သို့ တင်ပြကြရန် လိုအပ်ပါကြောင်း ပြောကြားခဲ့သည်။
ယင်းနောက် တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာအကြီးအကဲများက ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံမှု၊ ပန်းခင်းစီမံချက်ဆောင်ရွက်နေမှုများနှင့် မိမိတို့ဌာနများအလိုက် အခွန်ကောက်ခံရရှိမှု အခြေအနေများ၊ တင်ဒါလုပ်ငန်းများ ဆောင်ရွက်ပြီးစီးမှု အခြေအနေများနှင့် ပတ်သက်၍ အသီးသီးရှင်းလင်း တင်ပြကြသည်။
ဆက်လက်ပြီး တိုင်းဒေသကြီးအတွင်းရှိ ကလေးခရိုင်၊ စစ်ကိုင်းခရိုင်၊ ရွှေဘိုခရိုင်များမှ စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဌများက Video Conferencing စနစ်ဖြင့် လည်းကောင်း၊ မုံရွာခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့မှ ဒုတိယညွှန်ကြားရေးမှူးတို့က မိမိတို့ ခရိုင်များအတွင်းရှိ မြို့နယ်များ၏ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံမှု အခြေအနေများ၊ ပန်းခင်းစီမံချက် အကောင်အထည် ဖော်ဆောင်ရွက်နေမှုများ၊ အခွန်ကောက်ခံရရှိမှုနှင့် တင်ဒါလုပ်ငန်း ဆောင်ရွက်မှုအခြေအနေ များနှင့် ပတ်သက်၍ အသီးသီးရှင်းလင်း တင်ပြကြသည်။
ယင်းနောက် တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့် အနောက်မြောက်တိုင်း စစ်ဌာနချုပ်တိုင်းမှူး ဗိုလ်မှူးချုပ်သန်းထိုက်တို့က လုပ်ငန်းများနှင့် ပတ်သက်၍ အသီးသီး တင်ပြချက်များအပေါ် ဖြည့်စွက်အကြံပြု ဆွေးနွေးတင်ပြကြသည်။
ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်က ကိုဗစ်-၁၉ ရောဂါ ကာကွယ် ဆေးထိုးနှံမှု အခြေအနေများ၊ ပန်းခင်းစီမံချက်အကောင်အထည်ဖော်ဆောင်ရွက်နေမှုများ၊ အခွန်ကောက်ခံရရှိမှုနှင့် တင်ဒါလုပ်ငန်းဆောင်ရွက်မှုအခြေအနေများနှင့် ပတ်သက်၍ အသီးသီးအကြံပြုဆွေးနွေး တင်ပြချက်များအပေါ် လိုအပ်သည်များကို တာဝန်ရှိသူများနှင့် ဖြည့်ဆည်းပေါင်းစပ်ဆောင်ရွက်ပေးကာ နိဂုံးချုပ်စကားပြောကြားပြီး အစည်းအဝေးကို ရုပ်သိမ်းခဲ့ကြောင်း သတင်းရရှိသည်။

မတ် ၂၁
စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့ လုံခြုံတည်ငြိမ်အေးချမ်းရေးနှင့် တရားဥပဒေစိုးမိုးရေးလုပ်ငန်းညှိနိုင်း အစည်းအဝေး အမှတ်စဉ်(၂/၂၀၂၂)ကို မတ်လ(၂၁)ရက်နေ့ မွန်းလွဲပိုင်းတွင် တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမတွင် ကျင်းပရာ အစည်းအဝေးသို့ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်၊ တိုင်းဒေသကြီး တရားသူကြီးချုပ်နှင့် အစိုးရအဖွဲ့ဝင်များ၊ အနောက်မြောက်တိုင်း စစ်ဌာနချုပ်မှ ဗိုလ်မှူးချုပ် ကျော်စွာဝင်း၊ တိုင်းဒေသကြီးအဆင့်ဌာနဆိုင်ရာများ၊ မုံရွာခရိုင်/မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဌများနှင့် အဖွဲ့ဝင်များ၊ တိုင်းဒေသကြီးအတွင်းရှိ ကလေးခရိုင်၊ စစ်ကိုင်းခရိုင်၊ ရွှေဘိုခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဌများမှ Video Conferencing စနစ်ဖြင့် တက်ရောက်ကြသည်။

ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်က တိုင်းဒေသကြီးအတွင်း လုံခြုံတည်ငြိမ်အေးချမ်းရေးအတွက် ခရိုင်နှင့်မြို့နယ်အလိုက် လုပ်ဆောင်ရမည့် လုံခြုံရေး၊ တရားဥပဒေစိုးမိုးရေးနှင့် အုပ်ချုပ်ရေးဆိုင်ရာလုပ်ငန်းများကို အောင်မြင်အောင် အကောင်အထည်ဖော်ကြရန် လိုအပ်ပါကြောင်း၊ ဒေသတည်ငြိမ်အေးချမ်းမှသာ တရားဥပဒေစိုးမိုးကာ အခြား လုပ်ငန်းဆောင်တာများကိုလည်း ဆောင်ရွက်နိုင်မည်ဖြစ်၍ လုံခြုံမှုရှိရန် အရေးကြီးပါကြောင်း၊ ထိုကြောင့်တာဝန်ရှိသူများ ပေါင်းစပ်ညှိနိုင်းကာ ဒေသလုံခြုံအေးချမ်းအောင် ဆောင်ရွက်သွားရမည်ဖြစ်ပါကြောင်း၊ မြို့ရွာများနှင့် ဆက်သွယ်မှုလမ်းကြောင်းများ အမြဲလုံခြုံစွာဖြင့် သွားလာနိုင်ရန် လုံခြုံရေးတာဝန်ရှိသူများမှ စေတနာထားကာ တာဝန်ယူဆောင်ရွက်ကြရန် လိုအပ်ပါကြောင်း ပြောကြားခဲ့သည်။

ဆက်လက်ပြီး တိုင်းဒေသကြီးအတွင်းရှိ ကလေးခရိုင်၊ စစ်ကိုင်းခရိုင်၊ ရွှေဘိုခရိုင်များ မှ စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဌများက Video Conferencing စနစ်ဖြင့် လည်းကောင်း၊ မုံရွာခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဌတို့က မိမိတို့ ခရိုင်များအတွင်းရှိ ခရိုင်/မြို့နယ်များ၏ လုံခြုံတည်ငြိမ်အေးချမ်းရေးနှင့် တရားဥပဒေစိုးမိုးရေးလုပ်ငန်းများ ဆောင်ရွက်နေမှု၊ ပတ်သက်၍ Power Point ဖြင့် အသီးသီးရှင်းလင်း တင်ပြကြသည်။

ယင်းနောက် တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာအကြီးအကဲများနှင့် တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင် ဝန်ကြီးများက တိုင်းဒေသကြီးအတွင်းရှိ ခရိုင် / မြို့နယ်များအတွင်း မိမိတို့ ဌာနများအလိုက် လုံခြုံတည်ငြိမ်အေးချမ်းရေးနှင့် တရားဥပဒေစိုးမိုးရေးလုပ်ငန်းများ ဆောင်ရွက်နေမှုများနှင့် ပတ်သက်၍ အသီးသီးရှင်းလင်း ဖြည့်စွက်ဆွေးနွေး တင်ပြကြသည်။

ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်က တိုင်းဒေသကြီးအတွင်း လုံခြုံ တည်ငြိမ်အေးချမ်းရေးနှင့် တရားဥပဒေစိုးမိုးရေးလုပ်ငန်းများ ဆောင်ရွက်နေမှုအခြေအနေများနှင့် ပတ်သက်၍ အသီးသီးအကြံပြုဆွေးနွေး တင်ပြချက်များအပေါ် လိုအပ်သည်များကို တာဝန်ရှိသူများနှင့် ဖြည့်ဆည်းပေါင်းစပ် ဆောင်ရွက်ပေးကာ နိဂုံးချုပ်စကား ပြောကြားပြီး အစည်းအဝေးကို ရုပ်သိမ်းခဲ့ကြောင်း သတင်းရရှိသည်။

မုံရွာ မတ် ၁၉

စစ်ကိုင်းတိုင်းဒေသကြီး စိုက်ပျိုးရေး၊ မွေးမြူရေးထုတ်ကုန်များ တိုးမြှင့်ထုတ်လုပ်ရေးလုပ်ငန်းညှိနှိုင်း (၂/၂၀၂၂)အစည်းအဝေးကို မတ်လ (၁၈)ရက်နေ့ မွန်းလွဲပိုင်းတွင် တိုင်းဒေသကြီး အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမတွင် ကျင်းပရာ အစည်းအဝေးသို့ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင် လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး ဝင်းတင်စိုး၊ တိုင်းဒေသကြီး စီးပွားရေးရာဝန်ကြီး ဒေါ်ရီရီသန်း၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင် အတွင်းရေးမှူး ဦးခင်မောင်ဆန်း၊ တိုင်းဒေသကြီး /ခရိုင်အဆင့် စိုက်ပျိုးရေး ကြီးကြပ်မှု ကော်မတီအဖွဲ့ဝင်များ၊ မုံရွာခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဌနှင့် ကလေးခရိုင်၊ စစ်ကိုင်းခရိုင်၊ ရွှေဘိုခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဌများမှ Video Conferencing စနစ်ဖြင့် တက်ရောက်ကြ သည်။

ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်က စစ်ကိုင်းတိုင်းဒေသကြီးဟာ စိုက်ပျိုးရေးအားဖြင့် အရေးပါတဲ့ တိုင်းဒေသကြီးဖြစ်ပြီး ဒေသတွင်းဆန်ဖူလုံမှုမှာ ပျဉ်းမျှ(၁၆၅.၆၈)ရာခိုင်နှုန်း ရှိတဲ့အတွက် စပါးစိုက်ပျိုးရေးအားကောင်းသည့် တိုင်းဒေသကြီးတစ်ခု ဖြစ်ပါကြောင်း၊ လယ်ယာကဏ္ဍအနေဖြင့် စစ်ကိုင်းတိုင်းဒေသကြီး မှာ နှစ်စဉ်မိုးစပါးဧက (၁၈)သိန်း၊ နွေစပါးဧက (၃)သိန်းခန့် စုစုပေါင်း(၂၁)သိန်းကို ပုံမှန် အားဖြင့် စိုက်ပျိုးနိုင်ခဲ့တဲ့ တိုင်းဒေသကြီး ဖြစ်ပါကြောင်း၊ တိုင်းဒေသကြီးရဲ့ နွေစပါးစိုက်ပျိုးမှုမှာ ဆည်ရေရရှိမှုကို အဓိကအားထားကာ မှီခိုစိုက်ပျိုးရတာကို တွေ့ရှိရပါကြောင်း၊ ယခု ၂၀၂၁-၂၀၂၂ ခုနှစ်မှာ သဖန်းဆိပ်ဆည်အတွင်းမှာ ဆည်ရေဧကပေ (၂၄)သိန်း ကျော် သိုလှောင်နိုင်တဲ့အတွက် နွေစပါးလျာထားဧက (၃၄၇,၂၀၀-သုံးသိန်းလေး သောင်းခုနှစ်ထောင့်နှစ်ရာ)ဧက လျာထားစိုက်ပျိုးခဲ့ရာမှာ ယနေ့အထိ (၆၈၀,၇၉- ခြောက်သောင်း ရှစ်ထောင်ခုနှစ်ဆယ်ကိုး)ဧက စိုက်ပျိုးပြီးဖြစ်ကြောင်း တွေ့ရှိရပါကြောင်း၊ ကျန်ရှိနေတဲ့နွေစပါး စိုက်ဧကများကိုလည်း လျားထားချက်အတိုင်း ပြည့်မှီကျော်လွန်စွာ စိုက်ပျိုးနိုင်ရေး ဝိုင်းဝန်း ဆောင်ရွက်ကြဖို့ မှာကြားလိုပါကြောင်း၊ 

          တိုင်းဒေသကြီးအနေဖြင့် ဒေသတွင်းဆီဖူလုံမှုမှာ (၄၉၉.၉၇)ရာခိုင်နှုန်း ဖြစ်ပြီး ဆီထွက် သီးနှံစိုက်ပျိုးအားကောင်းမွန်တဲ့ တိုင်းဒေသကြီးဖြစ်ပါကြောင်း၊ တိုင်းဒေသကြီးအတွင်း ဆီထွက် သီးနှံများ စိုက်ပျိုးခဲ့ရာမှာ မြေပဲ၊နှမ်းနှင့် နေကြာတို့ကို အဓိကထားပြီး စိုက်ပျိုးခဲ့ရာမှာ စိုက်ပျိုး ထုတ်လုပ်မှု ကုန်ကျစရိတ်နည်းပြီး တစ်ဧကဆီထွက်နှုန်းလည်းမြင့်မားတဲ့ နေကြာသီးနှံကို တိုးချဲ့ စိုက်ပျိုးသွားမှာ ဖြစ်ပါကြောင်း၊ ယခုနှစ် မိုးနှင့်ဆောင်း နေကြာစိုက်ပျိုးမှုမှာ (၃၅၆,၉၁၅) ဖြစ်ပါကြောင်း၊ ၂၀၂၂-၂၀၂၃ ခုနှစ်မှာ စစ်ကိုင်းတိုင်း ဒေသကြီးအနေနဲ့ မိုးနေကြာ(၄၁,၄၂၆)ဧကနှင့် ဆောင်းနေကြာ (၃၅၁,၇၇၃ - သုံးသိန်းငါးသောင်းတစ်ထောင် ခုနှစ်ရာခုနှစ်ဆယ်သုံး)ဧက စုစု ပေါင်း (၃၉၃,၁၉၉ - သုံးသိန်းကိုးသောင်းသုံးထောင်တစ်ရာကိုးဆယ်ကိုး)ဧက စိုက်ပျိုးထုတ်လုပ် သွားမှာဖြစ်ပါ၍ ထပ်မံတိုးချဲ့ စိုက်ပျိုးမည့်ဧက (၄၀၀၀၀ - လေးသောင်း)ခန့်အတွက် အချိန်မီ စိုက်ပျိုးပြီးစီးရေးအတွက် တာဝန်တာဝန်ရှိသူများမှ ကြိုတင်ပြင်ဆင်စီမံထားရှိရန် လိုအပ်ပါ ကြောင်း၊ တိုင်းဒေသကြီးအတွင်း နေကြာသီးနှံ တိုးချဲ့စိုက်ပျိုးနိုင်ရေးအတွက် စိုက်ပျိုးဧကများ လျာထားတဲ့နေရာမှာလည်း လယ်ယာမြေစီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီး ဌာနအနေဖြင့် စိုက်ပျိုးနိုင်သည့် တောင်သူလယ်သမားများရဲ့စာရင်းများ စိုက်ဧကစာရင်းများ အချိန်မီပြုစု ပေးနိုင်ရေးတို့ကို မိတ်ဖက်ဌာနများနှင့်အညီ ဟန်ချက်ညီစွာ ပူးပေါင်းလုပ်ဆောင်သွားရမှာ ဖြစ်ပါကြောင်း၊ 

တိုင်းဒေသကြီးအတွင်း မွေးမြူရေးကဏ္ဍအနေနဲ့လည်း ၂၀၂၁-၂၀၂၂ ဘဏ္ဍာ နှစ်အတွင်း နွား(၂၀,၇)သိန်း၊ ကျွဲ (၃,၆)သိန်း အပါအဝင် ဆိတ်၊ ဝက်၊ ကြက်၊ ငုံး၊ ဘဲ၊ ကြက်ဆင်၊ ဘဲငန်း၊ မန်ဒါလီစသည်ဖြင့် တိရိစ္ဆာန်မျိုးစုံ မွေးမြူထားရှိပါကြောင်း၊ တိုင်းဒေသကြီးအတွင်းရှိ မွေးမြူရေး လုပ်ငန်း လုပ်ကိုင်နေသူများအတွက် မျိုးကောင်းမျိုးသန့် တိရစ္ဆာန်များမွေးမြူနိုင်ရေး၊ မွေးမြူ ထားသည့် တိရိစ္ဆာန်များ ရောဂါကာကွယ် ထိန်းချုပ်နိုင်ရေး၊ တိရိစ္ဆာန်အစာ စားကျက် စိုက်ခင်း များ စိုက်ပျိုးနိုင်ရေးနှင့် တစ်ပိုင်တစ်နိုင် မွေးမြူရေးလုပ်ငန်းများမှလည်း စီးပွားဖြစ်မွေးမြူရေး လုပ်ငန်းများအဖြစ် ကူးပြောင်းနိုင်စေရေး ကူညီဆောင်ရွက်သွားကြရန် လိုအပ်ပါကြောင်း၊  မိမိတို့ တိုင်းဒေသကြီး အစိုးရအဖွဲ့ အနေဖြင့်လည်း ဌာနအသီးသီးရဲ့လိုအပ်ချက်များကို ဖြည့်ဆည်း၍ တိုင်းဒေသ ကြီးရဲ့ စိုက်ပျိုးရေးနှင့် မွေးမြူရေးကဏ္ဍ ထုတ်ကုန်များ တိုးမြှင့်ဆောင်ရွက် နိုင်ရေး ကူညီဆောင်ရွက်သွားမည် ဖြစ်ပါကြောင်း ပြောကြားသည်။

ယင်းနောက် တိုင်းဒေသကြီး စိုက်ပျိုးရေးကြီးကြပ်မှု ကော်မတီအဖွဲ့ဝင်များမှ မိမိတို့ဌာန များအလိုက် စိုက်ပျိုးရေး၊ မွေးမြူရေးထုတ်ကုန်များ တိုးမြှင့်ထုတ်လုပ်နိုင်ရေး လုပ်ငန်းများဆောင်ရွက်နေမှုများနှင့် ဆက်လက်ဆောင်ရွက် လုပ်ငန်းများအား Power Point ဖြင့် ရှင်းလင်း တင်ပြကြပြီး စစ်ကိုင်းခရိုင်၊ မုံရွာခရိုင်၊ ယင်းမာပင်ခရိုင်၊ ရွှေဘိုခရိုင်၊ ရေဦးခရိုင်များမှ စိုက်ပျိုးရေး ကြီးကြပ်မှုကော်မတီအဖွဲ့ဝင်များမှ မိမိတို့ခရိုင်များအတွင်း စိုက်ပျိုးရေး၊ မွေးမြူရေး လုပ်ငန်းများ နှင့်ပတ်သက်၍ လည်းကောင်း၊ ရွှေဘိုခရိုင်၊ စစ်ကိုင်းခရိုင်နှင့် ကလေးခရိုင်တို့မှ စီမံအုပ်ချုပ်ရေး အဖွဲ့ ဥက္ကဌများက Video Conferencing စနစ်ဖြင့် မိမိတို့ခရိုင်အတွင်း စိုက်ပျိုးရေး၊ မွေးမြူရေး လုပ်ငန်းများ ဆောင်ရွက်နေမှု အခြေအနေများအား ဖြည့်စွက်တင်ပြကြသည်။

ဆက်လက်၍ တိုင်းဒေသကြီး လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး ဝင်းတင်စိုး က တိုင်းဒေသကြီးအတွင်း စိုက်ပျိုးရေး၊ မွေးမြူရေးထုတ်ကုန်များ တိုးမြှင့်ထုတ်လုပ်နိုင်ရေး လုပ်ငန်းများနှင့် ပတ်သပ်၍ တင်ပြချက်များအပေါ် သုံးသပ်တင်ပြပြီး အစည်းအဝေးသို့ တက်ရောက်လာသူများမှ အထွေထွေဆွေးနွေး တင်ပြကြသည်။

ယင်းနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်က အသီးသီးဆွေးနွေး တင်ပြ ချက်များအပေါ် လိုအပ်သည်များကို တာဝန်ရှိသူများနှင့် ဖြည့်ဆည်းပေါင်းစပ် ဆောင်ရွက် ပေးကာ နိဂုံးချုပ်စကား ပြောကြားပြီး အစည်းအဝေးကို ရုပ်သိမ်းခဲ့ကြောင်း သတင်းရရှိသည်။ 

မုံရွာ မတ် ၁၈
စစ်ကိုင်းတိုင်းဒေသကြီး၊ မြန်မာ့ရိုးရာ ယဉ်ကျေးမှုမဟာသင်္ကြန်ပွဲတော် ကျင်းပနိုင်ရေးအတွက် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို မတ်လ(၁၈)ရက်၊ နံနက်(၁၀)နာရီ အချိန်တွင် တိုင်းဒေသကြီး အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမတွင် ကျင်းပရာ အစည်းအဝေးသို့ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်၊ အနောက်မြောက်တိုင်း စစ်ဌာနချုပ်မှ ဗိုလ်မှူးချုပ် ကျော်စွာဝင်း၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ တိုင်းဒေသကြီး ဥပဒေချုပ် ဒေါ်လှလှဝင်း၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ အတွင်းရေးမှူး ဦးခင်မောင်ဆန်း၊ တိုင်းဒေသကြီး အဆင့် ဌာနဆိုင်ရာများနှင့် မုံရာခရိုင်/မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဌများ တက်ရောက် ကြသည်။
ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်က စစ်ကိုင်းတိုင်းဒေသကြီးအတွင်း ကိုဗစ်-၁၉ ရောဂါပိုးတွေ့ရှိမှု လျော့နည်းကျဆင်းလာသည့်အတွက် မြန်မာ့ရိုးရာယဉ်ကျေးမှုမဟာသင်္ကြန်ပွဲတော်အား စည်စည်ကားကား ကျင်းပနိုင်ရေးအတွက် တာဝန်ရှိသူများအား ဖိတ်ကြားကာ ယခုအစည်းအဝေးကို ကျင်းပရခြင်း ဖြစ်ပါကြောင်း၊ ၂၀၁၉-၂၀၂၀-ခုနှစ်များတွင် သင်္ကြန်ပွဲတော် ကျင်းပပြုလုပ်ခြင်းမရှိဘဲ ယခုနှစ်တွင် ပြန်လည်ကျင်းပခြင်းဖြစ်၍ စည်ကားသိုက်မြိုက်စွာကျင်းပကာ ပြည်သူများပျော်ရွှင်စေအောင် ဆောင်ရွက်ပေးခြင်းဖြစ်ပါကြောင်း၊ ထိုသို့ကျင်းပရာတွင်လည်း ရိုးရာယဉ်ကျေးမှုထိန်းသိမ်းရေး၊ ကျန်းမာရေးနှင့် လုံခြုံရေးတို့ကို သတိပြုကာစနစ်တကျဖြင့် စည်းကမ်းရှိစွာ ကျင်းပပြုလုပ်သွားရန် လိုအပ်ပါကြောင်း၊ မြန်မာ့ရိုး ရာယဉ်ကျေးမှု မဟာသင်္ကြန်ပွဲတော် စည်းကားသိုက်မြိုက်စွာ ကျင်းပနိုင်ရေး တာဝန်ရှိသူများက ဝိုင်းဝန်းပူးပေါင်းဆောင်ရွက်ကြရန် လိုအပ်ပါကြောင်း၊ မိမိတို့တိုင်းဒေသကြီးအစိုးရအဖွဲ့အနေဖြင့်လည်း လိုအပ်သည်များကို ဖြည့်ဆည်းပေါင်းစပ်ပေးသွားမည် ဖြစ်ပါကြောင်း ပြောကြားခဲ့ သည်။
ဆက်လက်၍ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင် သယံဇာတရေးရာဝန်ကြီး ဦးတင်သန်းဝင်း က မြန်မာ့ရိုးရာယဉ်ကျေးမှု မဟာသင်္ကြန်ပွဲတော် ကျင်းပနိုင်ရေးအတွက် ဖျော်ဖြေရေးအကမဏ္ဍပ်၊ ရေကစားမဏ္ဍပ်များ ဆောက်လုပ်မည့် နေရာများနှင့် လုပ်ငန်းကော်မတီများအလိုက် တာဝန်ခွဲဝေချထားမှု အခြေအနေများအား ရှင်းလင်း တင်ပြသည်။
ဆက်လက်၍ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာများက မြန်မာ့ရိုးရာယဉ်ကျေးမှုမဟာသင်္ကြန်ပွဲတော် ကျင်းပနိုင်ရေးအတွက် လိုအပ်သည်များကို ဆွေးနွေး တင်ပြကြကာ အစည်းအဝေးသို့ တက်ရောက်လာသူများက အထွေထွေဆွေးနွေး တင်ပြကြသည်။
ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်က မြန်မာ့ရိုးရာယဉ်ကျေးမှု မဟာသင်္ကြန်ပွဲတော် ကျင်းပနိုင်ရေးအတွက် အသီးသီးဆွေးနွေး တင်ပြချက်များအပေါ် လိုအပ်သည်များကို တာဝန်ရှိသူများနှင့် ဖြည့်ဆည်းပေါင်းစပ်ဆောင်ရွက်ပေးကာ နိဂုံးချုပ်စကား ပြောကြားပြီး အစည်းအဝေးကို ရုပ်သိမ်းခဲ့ကြောင်း သတင်းရရှိသည်။

မုံရွာ မတ် ၁၇
စစ်ကိုင်းတိုင်းဒေသကြီး၊ စစ်ကိုင်းမြို့၊ ရတနာစေတီဆင်များရှင်ဘုရား ဗုဒါဘိသေက အနေကဇာတင် ရေစက်ချမင်္ဂလာ အခမ်းအနားကို မတ်လ(၁၆)ရက်၊ နံနက်ပိုင်းတွင် စစ်ကိုင်းမြို့၊ ရတနာစေတီဆင်များရှင် စေတီတော်ကြီးရှိ ဓမ္မာရုံတော်ကြီးတွင် ကျင်းပရာ အခမ်းအနားသို့ စစ်ကိုင်းမြို့၊ သီတဂူအဓိပတိဆရာတော် မဟာရဌဂုရု၊ ဘဒ္ဓန္တအရှင်ဉာဏိဿရ ဆရာတော်ကြီး နှင့် ပင့်သံဃာဆရာတော်များ၊ စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်နှင့်ဇနီး ဒေါ်မြင့်မြင့်အောင်၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ တိုင်းဒေသကြီး/ခရိုင်/ မြို့နယ် အဆင့် ဌာနဆိုင်ရာများ၊ ဖိတ်ကြားထားသူများ၊ အလှုရှင်များ တက်ရောက်ကြသည်။
ရှေးဦးစွာ စစ်ကိုင်းမြို့၊ သီတဂူအဓိပတိဆရာတော် မဟာရဌဂုရု၊ ဘဒ္ဓန္တအရှင်ဉာဏိဿရ ဆရာတော်ကြီးနှင့် သံဃာတော်အရှင်သူမြတ်များမှ စစ်ကိုင်းမြို့ရှိ ရတနာစေတီဆင်များရှင် ဘုရား ဗုဒါဘိသေက အနေကဇာတင်ပူဇော်ကြပြီး တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူ များမှ ဆရာတော်၊ သံဃာတော်အရှင်သူမြတ်များအား အာရုဏ်ဆွမ်းများ ဆက်ကပ်လှူဒါန်းခဲ့ကြသည်။
ဆက်လက်ပြီး စစ်ကိုင်းမြို့ရှိ ရတနာစေတီဆင်များရှင်ဘုရား ဗုဒါဘိသေက အနေကဇာတင်ရေစက်ချ မင်္ဂလာအခမ်းအနားကိုကျင်းပရာ နမောသဿသုံးကြိမ်ရွတ်ဆိုဘုရား ကန်တော့၍ အခမ်းအနားအား ဖွင့်လှစ်ကြပြီး စစ်ကိုင်းမြို့၊ သီတဂူအဓိပတိဆရာတော် မဟာရဌဂုရု၊ ဘဒ္ဓန္တအရှင်ဉာဏိဿရ ဆရာတော်ကြီးထံတော်မှ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက ငါးပါးသီလ ခံယူဆောက်တည်ကြပြီး ဆရာတာ်၊သံဃာတော်များထံ တိုင်းဒေသကြီးဝန်ကြီးချုပ်ဦးမြတ်ကျော်နှင့် တာဝန်ရှိသူများ၊ အလှူရှင်များက လှူဘွယ်ပစ္စည်းများ အသီးသီးဆက်ကပ် လှူဒါန်းကြသည်။
ယင်းနောက် စစ်ကိုင်းမြို့၊ ရတနာစေတီဆင်များရှင်ဘုရား ငွေပဒေသာပင်များအား တိုင်းဒေသကြီးဝန်ကြီးချုပ်ထံ အလှူရှင်များက ပေးအပ်လှူဒါန်းကြပြီး စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့မှ လှူဒါန်းငွေကျပ်သိန်းတစ်ရာအား တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်မှ ဂေါပကအဖွဲ့ ဥက္ကဌထံ ဆက်ကပ်လှူဒါန်းခဲ့သည်။
ဆက်လက်ပြီး စစ်ကိုင်းမြို့၊ သီတဂူအဓိပတိဆရာတော် မဟာရဌဂုရု၊ ဘဒ္ဓန္တအရှင် ဉာဏိဿရ ဆရာတော်ကြီးထံတော်မှ တိုင်းဒေသကြီးဝန်ကြီးချုပ်ဦးမြတ်ကျော်နှင့် ဧည့်ပရိတ်များက အနုမောဒနာတရား နာယူကြည်ညိုကြပြီး လှူဒါန်းမှုအစုစုတို့အတွက် ရေစက်သွန်းချ အမျှပေးဝေကာ ဗုဒ္ဓသာသနံ စိရံတိဌတု သုံးကြိမ်ရွတ်ဆို ဆုတောင်းကာ အခမ်းအနားကို ရုပ်သိမ်းခဲ့ကြသည်။
ဆက်လက်၍ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကျော်၊ ဇနီး ဒေါ်မြင့်မြင့်အောင်နှင့် တာဝန်ရှိသူများသည် မတ်လ(၁၇)ရက်နေ့ နံနက်ပိုင်းတွင် စစ်ကိုင်းမြို့၊ ရတနာစေတီ ဆင်များရှင်ဘုရား ရင်ပြင်တော်ပေါ်တွင် ကျင်းပသော စစ်ကိုင်းမြို့၊ သီတဂူအဓိပတိဆရာတော် မဟာရဌဂုရု၊ ဘဒ္ဓန္တအရှင် ဉာဏိဿရ ဆရာတော်ကြီး၏ သက်တော်(၈၅)ပြည့် မွေးနေ့အလှူတော် ဆွမ်းဆန်စိမ်းလောင်းလှူပွဲ သို့ တက်ရောက်ကြသည်။
ရှေးဦးစွာ သီတဂူအဓိပတိဆရာတော် မဟာရဌဂုရု၊ ဘဒ္ဓန္တအရှင်ဉာဏိဿရ ဆရာတော် ကြီးနှင့် စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်နှင့် တာဝန်ရှိသူများက စစ်ကိုင်း တောင်မြို့ရှိ ကျောင်းတိုက်များမှ သံဃာတော်အပါးများအား အလှူရှင်များမှ ဆွမ်းဆန်စိမ်း လောင်းလှူနေမှုများအား လှည့်လည်ကြည့်ရှုအားပေး ကြည်ညိုကြကာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်၊ ဇနီး ဒေါ်မြင့်မြင့်အောင်နှင့် တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ တိုင်းဒေသကြီး/ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာများမှ သံဃာတော်၊ အရှင်သူမြတ်များအား ဆွမ်းဆန်စိမ်းများ ဆက်ကပ်လှူဒါန်းခဲ့ကြောင်း သတင်းရရှိသည်။



မတ် ၁၆

စစ်ကိုင်းတိုင်းဒေသကြီး အစိုးရအဖွဲ့မှ ကြီးမှူးကျင်းပသော ၂၀၂၂-ခုနှစ်၊ သာသနာတော် ဆိုင်ရာ ဘွဲ့တံဆိပ်တော်များ ဆက်ကပ်အပ်နှင်းခြင်း မဟာမင်္ဂလာ အခမ်းအနားကို မတ်လ(၁၆)ရက်နေ့ မွန်းလွဲ(၁)နာရီအချိန်တွင် စစ်ကိုင်းမြို့၊ မဟာစည်းခုံကြီးစေတီတော်မြတ်ကြီးရှိ သာသနာ့ဗိမ္မာန် တော်ကြီးတွင် ကျင်းပရာ အခမ်းအနားသို့ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်နှင့်ဇနီး ဒေါ်မြင့်မြင့်အောင်၊ တိုင်းဒေသကြီး တရားသူကြီးချုပ်၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ တိုင်းဒေသကြီး ဥပဒေချုပ်၊ တပ်မတော်အရာရှိများ၊ တိုင်းဒေသကြီး/ခရိုင်/ မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ မြို့မိမြို့ဖများနှင့် ဖိတ်ကြားထားသူများ တက်ရောက်ကြသည်။

ရှေးဦးစွာ နမောတဿသုံးကြိမ် ရွတ်ဆိုဘုရားကန်တော့၍ အခမ်းအနားအား ဖွင့်လှစ်ကြပြီး စစ်ကိုင်းမြို့၊ ပံသုကူကျောင်းတိုက်၊ ပဓာနနာယက၊ စစ်ကိုင်းတိုင်းဒေသကြီး သံဃနာယကအဖွဲ့ ဒုတိယဥက္ကဌ ဆရာတော် ဘဒ္ဒန္တသုစိတ္တ ထံတော်မှ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်နှင့် ဧည့်ပရိတ်သတ်များက ငါးပါးသီလခံယူဆောက်တည်ကြပြီး မုံရွာမြို့၊ ရန်ကင်းကျောင်းတိုက်၊ မဟာဂန္တဝါစကပဏ္ဍိတဘွဲ့တံဆိပ်တော်ရဆရာတော်ဘဒ္ဒန္တတေဇနိယမှ သမ္မောနီယသြဝါဒကထာ မြွတ်ကြားသည်။

ယင်းနောက် တိုင်းဒေသကြီးဝန်ကြီးချုပ်ဦးမြတ်ကျော်က သာသနာရေးဆိုင်ရာများလျှောက်ထားပြီး တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်ဇနီးဒေါ်မြင့်မြင့်အောင်တို့က  တာဝန်ရှိသူများနှင့်အတူ  ဘွဲ့တံဆိပ်တော်ရဆရာတော်ကြီးများနှင့် သီလရှင်ဆရာကြီးများအား ဘွဲ့တံဆိပ်တော်နှင့်လှူဘွယ်   ဝတ္တုပစ္စည်းများ  အသီးသီး ဆက်ကပ်လှူဒါန်းကြပြီး စစ်ကိုင်းမြို့၊ ရတနာဓူဝံကျောင်းတိုက် ပဓာနနာက၊ စစ်ကိုင်းတိုင်းဒေသကြီး သံဃနာယကအဖွဲ့(ရွှေကျင်)ဥက္ကဌ အဂ္ဂမဟာဂန္တဝါစကပဏ္ဍိတ ဘဒ္ဒန္တ ဇောတိက ဆရာတော်ကြီးထံတော်မှ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်နှင့် ဧည့်ပရိတ်များက အနုမောဒနာတရား နာယူကြည်ညိုကြပြီး လှူဒါန်းမှုအစုစုတို့အတွက် ရေစက်သွန်းချ အမျှပေးဝေကာ ဗုဒ္ဓသာသနံ စိရံတိဌတု သုံးကြိမ်ရွတ်ဆို ဆုတောင်းကာ အခမ်းအနားကို ရုပ်သိမ်းခဲ့ကြသည်။

အဆိုပါ တိုင်းဒေသကြီး အစိုးရအဖွဲ့ ၂၀၂၂-ခုနှစ်၊ သာသနာတော်ဆိုင်ရာ ဘွဲ့တံဆိပ်တော် ဆက်ကပ် အပ်နှင်းခြင်း မဟာမင်္ဂလာအခမ်းအနားတွင် စစ်ကိုင်းတိုင်းဒေသကြီးအတွင်းမှ သာသနာ တော်ဆိုင်ရာ ဘွဲ့တံဆိပ်တော်များကို ရရှိတော်မူခဲ့သော အဂ္ဂမဟာပဏ္ဍိတ(၁)ပါး၊ အဂ္ဂမဟာ ဂန္တဝါစကပဏ္ဍိတ(၄)ပါး၊ အဂ္ဂမဟာ သဒ္ဓမ္မဇေတိကဓဇ (၃)ပါး၊ အဂ္ဂမဟာကမ္မဌာနာစရိယ(၁)ပါး စုစုပေါင်း ဆရာတော်ကြီး(၉)ပါးတို့သည် နိုင်ငံတော်အဆင့် အခမ်းအနားဖြင့် စည်ကားသိုက်မြိုက်စွာ တစ်ပြိုင်နက် လှူဒါန်းအပ်နှင်းခဲ့ပြီး စစ်ကိုင်းတိုင်းဒေသကြီး အတွင်းမှကျန်ရှိသော သာသနာတော် ဆိုင်ရာ ဘွဲ့တံဆိပ်တော်ဆရာတော်ကြီး (၁၂)ပါး၊ သီလရှင်ဆရာကြီး (၇) ပါး၊ ချင်းပြည်နယ်မှ ဘွဲ့တံဆိပ်တော်ရ ဆရာတော်ကြီး(၂)ပါး၊ စုစုပေါင်း(၂၁)ပါးတို့အား သာသနာတော်ဆိုင်ရာ ဘွဲ့တံဆိပ်တော်များ ဆက်ကပ်လှူဒါန်းခဲ့ကြောင်း သတင်းရရှိသည်။

သတင်း အချက်အလက်