စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဒေါက်တာမြင့်နိုင်နှင့် ဇနီး ဒေါ်တင့်တင့်(ခ) ဒေါ်ချူးချူးသည် ရွှေဘိုခရိုင်/ မြို့နယ် စီမံခန့်ခွဲမှုကော်မတီ ဥက္ကဌ များ နှင့် တာဝန်ရှိသူများ လိုက်ပါ၍ ယနေ့ နံနက် (၉) နာရီခွဲက ရွှေဘိုမြို့ ၊ မြို့တော်ခန်းမတွင် ကျင်းပပြုလုပ်သော COVID-19 ရောဂါကာကွယ်၊ ထိန်းချုပ်၊ ကုသရေး မြို့နယ်အဆင့် လုပ်ငန်းကော်မတီ ရွှေဘိုမြို့ မြို့နယ်ဆေးပဒေသာပင် ဖောင်ဒေးရှင်းအတွက် အလှူငွေ ပေးအပ်ပွဲ အခမ်းအနား သို့ တက်ရောက်ခဲ့သည်။
အခမ်းအနားတွင် ရွှေဘိုခရိုင်စီမံခန့်ခွဲမှုကော်မတီ ဥက္ကဌ ဦးကိုကိုအောင်က အမှာစကားပြောကြားပြီး တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့်အဖွဲ့မှ အလှူရှင် (၂၆) ဦး၏ အလှူငွေကျပ် (၁၆၃၈.၅) သိန်းကို လက်ခံရယူခဲ့ပြီး ဂုဏ်ပြုမှတ်တမ်းလွှာများကို ပြန်လည်ပေးအပ်ခဲ့သည်။
ဆက်လက်ပြီး အလှူငွေများ ပေးအပ်လှူဒါန်းရခြင်းနှင့် ပတ်သက်၍ အလှူရှင်များ၏ ကိုယ်စား သီရိသုဓမ္မသိင်္ဂီ ဒေါ်လတ်မျိုးစောက ရှင်းလင်းတင်ပြခဲ့ပြီး အခမ်းအနားသို့ တက်ရောက်လာကြသူများက တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့်အတူ အမှတ်တရစုပေါင်းမှတ်တမ်းဓာတ်ပုံရိုက်ကူးခဲ့ကြပါသည်။
အဆိုပါ အလှူရှင်(၂၆) ဦး၏ လှူဒါန်းငွေကျပ် (၁၆၃၈.၅) သိန်းနှင့် ယခင်လှူဒါန်းပြီးငွေကျပ် (၁၃၅.၀၂) သိန်း စုစုပါင်းအလှူငွေကျပ် (၁၇၇၃.၅၂) သိန်းကို ယနေ့အချိန်အထိ COVID-19 ရောဂါကာကွယ်၊ ထိန်းချုပ်၊ ကုသရေး ရွှေဘိုမြို့ ၊ မြို့နယ်အဆင့်လုပ်ငန်းကော်မတီမှ လက်ခံရရှိပြီးဖြစ်ကြောင်းသိရသည်။





