ဧပြီ ၇
စစ်ကိုင်းတိုင်းဒေသကြီး ကိုဗစ်-၁၉ ရောဂါကာကွယ်၊ ထိန်းချုပ်၊ ကုသရေးနှင့် ရွေးကောက်ပွဲအတွက် မဲစာရင်းများပြုစုရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ဧပြီလ(၇) ရက် နေ့ နံနက်(၉)နာရီအချိန်တွင် တိုင်းဒေသကြီး အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမတွင် ကျင်းပရာ အစည်းအဝေးသို့ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ တိုင်းဒေသကြီး ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီ အဖွဲ့ဝင်များ၊ တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာများ၊ တိုင်းဒေသကြီး ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ ဥက္ကဌနှင့် အဆင့်မြင့်ပညာဦးစီးဌာနမှ ကျောင်းအုပ်ကြီးများ တက်ရောက်ကြသည်။
ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်က တိုင်းဒေသကြီးအတွင်းရှိ မြို့နယ်များတွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးများ သက်မှတ်အချိန်တွင် ရာနှုန်းပြည့် ထိုးနှံပြီးစီးရေးကို တာဝန်ရှိသူများက အထူးအလေးထားကြပ်မတ် ဆောင်ရွက်ကြရန် လိုအပ်ပါကြောင်း၊ သက်မှတ်လျာထားချက်ပြည့်မီစွာ ထိုးနှံနိုင်ရေးအတွက်လည်း နေ့အလိုက် ကာကွယ်ဆေးထိုးရမည့် ပမာဏအားပြီးစီးအောင်ထိုနှံရေး တာဝန်ရှိသူများမှ ကြပ်မတ်ဆောင်ရွက်ရန်လိုအပ်ပါကြောင်း၊ မြို့နယ်များအနေဖြင့် ကျေးရွာအောက်ခြေအထိ ကွင်းဆင်း၍ အမှန်တကယ် ကာကွယ်ဆေးမထိုးနှံရသေးသည့် စာရင်းများစနစ်တကျကောက်ယူကာ အမြန်ဆုံးထိုးနှံနိုင်ရေး စီစဉ်ဆောင်ရွက်ကြရန် လိုအပ်ပါကြောင်း၊ ကာကွယ်ဆေး ထိုးအဖွဲ့များမှလည်း ကျေးရွာများသို့ရောက်ရှိအောင်သွားရောက်ကာ အကြောင်းအမျိုးမျိုးကြောင့် ကာကွယ်ဆေးမထိုးနှံရသေးသူများအား အမြန်ဆုံးထိုးနှံပေးရန်လိုအပ်ပါကြောင်း၊ ကာကွယ်ဆေးထိုးနှံထားမှသာ ကူးစက်နှုန်းလျော့နည်းကာ သေဆုံးနှုန်းလည်း လျော့နည်း ကြောင်းကိုပြည်သူများ သိရှိအောင်အသိပေးခြင်း၊ ပညာပေးခြင်းနှင့် ဆွေးနွေးခြင်းများကို လုံခြုံရေးဂရုပြုကာ ဆောင်ရွက်ပြီး ပြည်သူများကျန်းမာရေး အသိရှိအောင် ဆောင်ရွက်ကြ ရန်လိုအပ်ပါကြောင်း၊ ၂၀၂၃-ခုနှစ်တွင် ရွေးကောက်ပွဲအောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် လွတ်လပ်ပြီး တရားမျှတသည့် ရွေးကောက်ပွဲဖြစ်ရန် အခြေခံအားဖြင့် မဲပေးမည့်စာရင်းဇယားများ တိကျမှန်ကန် ရန်လိုအပ်ပါကြောင်း၊ နိုင်ငံသားတစ်ဦးလျှင် နိုင်ငံသားစီစစ်ရေးကတ် တစ်ခုသာ တရားဝင်ကိုင်ဆောင်ခွင့်ရှိသဖြင့် နိုင်ငံသားစီစစ်ရေးကတ်များ မှန်/မမှန် ကြပ်မတ် စီစစ်ဆောင်ရွက်ရမည်ဖြစ်ပါကြောင်း၊ ရွေးကောက်ပွဲမကျင်းပမီ ဆန္ဒမဲပေးခွင့်ရှိသူ မဲစာရင်းများအားမြေပြင်တွင် ကွာခြားမှုမရှိစေရေးနှင့် မှန်ကန်ရေးတို့အား စနစ်တကျဂရုပြု ဆောင်ရွက်ကြရန် လိုအပ်ပါကြောင်း ပြောကြားခဲ့သည်။
ယင်းနောက် အစည်းအဝေးသို့ တက်ရောက်လာကြသော တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ ဌာနဆိုင်ရာများနှင့် တာဝန်ရှိသူများက နေ့စဉ်ရောဂါပိုး စစ်ဆေးတွေ့ရှိမှု၊ ဆေးရုံတက်ရောက် ကုသမှုနှင့်ဆေးရုံဆင်းမှု၊ သတ်မှတ်လျာထားချက် ပြည့်မီအောင် ကာကွယ်ဆေးထိုးနှံမှုအခြေအနေများ၊ အောက်ဆီဂျင်ထုတ်လုပ်သုံးစွဲမှု၊ လုံခြုံရေးဆောင်ရွက်ပေးနေမှု အခြေအနေများနှင့် ရွေးကောက်ပွဲဆိုင်ရာများ၊ မဲစာရင်းများမှန်ကန်ရေးအတွက် သက်ဆိုင်ရာကဏ္ဍများနှင့် ပတ်သက်၍ အသီးသီးအကြံပြု ဆွေးနွေးတင်ပြကြသည်။
ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်က ကိုဗစ်-၁၉ ရောဂါကာကွယ်၊ ထိန်းချုပ်၊ ကုသရေး၊ ရွေးကောက်ပွဲအတွက် မဲစာရင်းများပြုစုရေးလုပ်ငန်းများနှင့် ပတ်သက်၍ အသီးသီး ဆွေးနွေးတင်ပြချက်များအပေါ် လိုအပ်သည်များကို တာဝန်ရှိသူများနှင့် ဖြည့်ဆည်းပေါင်းစပ်ဆောင်ရွက်ပေးပြီး နိဂုံးချုပ်စကားပြောကြားကာ အစည်းအဝေးကို ရုပ်သိမ်းခဲ့ကြသည်။
ဆက်လက်ပြီး တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်နှင့် တာဝန်ရှိသူများသည် မွန်းလွဲပိုင်းတွင် တိုင်းဒေသကြီး စိုက်ပျိုးရေးဦးစီးဌာနရုံး၊ အစည်းအဝေးခန်းမတွင် ကျင်းပသော နေကြာသီးနှံ၊ မိုးကြိုဝါမျိုးစေ့များ ပေးအပ်ပွဲနှင့် နေကြာစိုက်ပျိုးမှုထုတ်လုပ်မှု ပြပွဲအခမ်းအနားသို့ တက်ရောက်ကြသည်။ ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်က တိုင်းဒေသကြီးအတွင်း ဆီထွက်သီးနှံများ စိုက်ပျိုးခဲ့ရာမှာ မြေပဲ၊နှမ်းနှင့် နေကြာတို့ကို အဓိကထားပြီး စိုက်ပျိုးခဲ့ သော်လည်း လာမည့် ၂၀၂၂-၂၀၂၃-ခုနှစ်၊ စိုက်ပျိုးရာသီမှာတော့ ဆီထွက်သီးနှံများ စိုက်ပျိုးရာမှာ စိုက်ပျိုးထုတ်လုပ်မှု ကုန်ကျစရိတ်နည်းပြီး တစ်ဧကဆီထွက်နှုန်းလည်း မြင့်မာ့တဲ့ နေကြာသီးနှံကို တိုးချဲ့စိုက်ပျိုးသွားမှာ ဖြစ်ပါကြောင်း၊ ဆီထွက်သီးနှံများအနက် နေကြာသီးနှံဟာ သီးထပ်၊ သီးညှပ်ပုံစံအမျိုးမျိုးဖြင့် မိုးဆောင်း ရာသီမရွေး၊ မျိုးစေ့နှုန်းသက်သာစွာ စိုက်ပျိုးနိုင်သော သီးနှံဖြစ်ပါကြောင်း၊ နိုင်ငံတော်ရဲ့စီမံချက်နှင့် အကောင်အထည်ဖော်ဆောင်ရွက်နေတဲ့ နေကြာသီးနှံနဲ့ ဝါသီးနှံများ စိုက်ပျိုးထုတ်လုပ်မှု တိုးတက်စေရေးအတွက် အရေးကြီးတဲ့ကဏ္ဍမှပါဝင်တဲ့ သီးနှံမျိုးကောင်း၊မျိုးသန့်၊မျိုးစေ့များကို တောင်သူများလွယ်ကူစွာ စိုက်ပျိုးရာသီအမှီ စိုက်ပျိုးသွားနိုင်ရန်အတွက် တိုင်းဒေသကြီး အစိုးရအဖွဲ့အနေနဲ့ ယခုလိုနေကြာသီးနှံနဲ့ ချည်မျှင်ရှည်ဝါ မျိုးကောင်း၊မျိုးသန့်၊မျိုးစေ့များကို ထောက်ပံ့ပေးအပ်ခြင်း ဖြစ်ပါကြောင်း၊ တောင်သူများအနေနဲ့ကလည်း သီးနှံအလိုက် မျိုးကောင်း၊မျိုးသန့်များ သုံးစွဲစိုက်ပျိုးခြင်း၊ စိုက်ပျိုးရေးဆိုင်ရာ အလေ့အကျင့်ကောင်းများကို လိုက်နာကျင့်သုံးစိုက်ပျိုးကြခြင်းဖြင့် သီးနှံများအထွက်နှုန်းနှင့် အရည်အသွေးတိုးတက်စေရေး ကြိုးစားဆောင်ရွက်ကြဖို့ တိုက်တွန်းလိုပါကြောင်း ပြောကြားခဲ့သည်။
ယင်းနောက် တိုင်းဒေသကြီး စိုက်ပျိုးရေးဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဦးဝင်းလိူင်ဦးက နေကြာသီးနှံ၊ မိုးကြိုဝါမျိုးစေ့များ ပေးအပ်ပွဲနှင့် နေကြာစိုက်ပျိုးမှုထုတ်လုပ်မှု ပြပွဲပြုလုပ်ရခြင်းနှင့် ပတ်သက်၍ ရှင်းလင်းတင်ပြသည်။ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်က ဆင်းရွှေကြာ(၂)နှင့် ရေဆင်း(၁)စပ်မျိုးနေကြာနှင့် မိုးကြိုချည်မျှင်ရှည်ဝါ မျိုးစေ့ထုတ်များအား လည်းကောင်း၊ တိုင်းဒေသကြီး လူမူရေးရာဝန်ကြီး ဦးအေးလိူင်၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ ညွှန်ကြားရေးမှူး ဦးကျော်စိန်နှင့် တိုင်းဒေသကြီး စိုက်ပျိုးရေးကြီးကြပ်ရေးအဖွဲ့ဝင်များမှ ယူရီးယားမြေသြဇာနှင့် ဂျစ်ပဆန်မြေသြဇာများအား ဒေသခံတောင်သူများထံ အသီးသီးပေးအပ်ကာ အခမ်းအနားကို ရုပ်သိမ်းခဲ့ကြသည်။
ဆက်လက်၍ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်နှင့် တာဝန်ရှိသူများက နေကြာစိုက်ပျိုးမှုထုတ်လုပ်မှု ပြခန်းများနှင့် သရုပ်ပြသနေမှုများအား လိုက်လံကြည့်ရှု အားပေးပြီး လိုအပ်သည်များကို တာဝန်ရှိသူများနှင့် ဖြည့်ဆည်းပေါင်းစပ် ဆောင်ရွက်ပေးခဲ့သည်။
ယနေ့ကျင်းပပြုလုပ်သည့် အခမ်းအနားတွင် မုံရွာခရိုင်နှင့် ယင်းမာပင်ခရိုင်တို့မှ ဒေသခံတောင်သူများအား ဆင်းရွှေကြာ(၂) ဧက-၁၀၀၊ ရေဆင်း(၁)စပ်မျိုး ဧက-၁၀၀အတွက် နေကြာမျိုးစေ့များနှင့် ချည်မျှင်ရှည်ဝါ ဧက-၁၀၀ အတွက် မျိုးစေ့ထုတ်နှင့် သွင်းအားစုများဖြစ်သည့် ယူရီးယားနှင့် ဂျစ်ပဆမ်တို့အား အခမဲ့ ထောက်ပံ့ပေးအပ်ခဲ့ကြောင်းသတင်းရရှိသည်။