ဖေဖော်ဝါရီ ၁၉
စစ်ကိုင်းတိုင်းဒေသကြီး ကိုဗစ်-၁၉ ရောဂါကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်း ညှိနှိုင်းအစည်းအဝေး (၆/၂၀၂၂)ကို ဖေဖော်ဝါရီလ(၁၈)ရက်၊ နံနက်(၉) နာရီအချိန်တွင် တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမတွင် ကျင်းပရာ အစည်းအဝေးသို့ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ တိုင်းဒေသကြီး ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီအဖွဲ့ ဝင်များ၊ တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာအကြီးအကဲများ၊ မုံရွာခရိုင်/မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဌနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။

ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်က စစ်ကိုင်းတိုင်းဒေသကြီး အတွင်းရှိ မြို့နယ်များအနေဖြင့် ကိုဗစ်-၁၉ ရောဂါပိုးစစ်ဆေးမှုများကို အရှိန်အဟုတ်မြှင့် ဆောင်ရွက်သွား ကြရန်နှင့် မြို့ဝင်/မြို့ထွက် လူစည်ကားရာနေရာများ၊ စည်ပင်သာယာဈေးများ၊ လေယာဉ်ကွင်း၊ ကားဂိတ်များတွင် ရောဂါပိုးစစ်ဆေးမှုများ ကြပ်မတ်ဆောင် ရွက်ရန်လိုအပ်ပါကြောင်း၊ အသိပညာပေးလုပ်ငန်းများ ဆောင်ရွက်ရန်နှင့် တိုင်းဒေသကြီးအတွင်းရှိ မြို့နယ်များသို့ ကာကွယ်ရေးပစ္စည်းများ ဖြန့်ဝေပေးထားရန် လိုအပ်ပါကြောင်း၊ Positive Center နှင့် Quarantin Center များတိုးချဲ့ဆောင်ရွက်ထားရေးနှင့် ကာကွယ်ဆေးထိုးလုပ်ငန်းများကိုလည်း အရှိန်အဟုတ်မပျက် ထိုးနှံသွားရန်နှင့် စုစည်းအားဖြင့် ဝိုင်းဝန်းဆောင်ရွက်ပြီး တိုင်းဒေသကြီးအစိုးရအဖွဲ့၊ ခရိုင်၊ မြို့နယ်များ ဝိုင်းဝန်းပေါင်းစပ် ဆောင်ရွက်ကာ အိုမီခရွန်ကူးစက်မှုအား လျော့နည်းစေရေး ဆောင်ရွက်ရမည် ဖြစ်ပါကြောင်း ပြောကြားခဲ့သည်။

ယင်းနောက် အစည်းအဝေးသို့ တက်ရောက်လာကြသော တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ တပ်မတော်အရာရှိကြီးများနှင့် တာဝန်ရှိသူများက နေ့စဉ်ရောဂါပိုးစစ်ဆေးတွေ့ရှိမှု၊ ဆေးရုံတက်ရောက် ကုသမှုနှင့်ဆေးရုံဆင်းမှု၊ သတ်မှတ်လျာထားချက် ပြည့်မီအောင်ကာကွယ် ဆေးထိုးနှံမှုအခြေအနေများ၊ အောက်ဆီဂျင်ထုတ်လုပ်သုံးစွဲမှု၊ မြို့ဝင်မြို့ထွက်နေရာများတွင် ကျန်းမာရေးစစ်ဆေးရေး စခန်းများချထား၍ စစ်ဆေးဆောင်ရွက်နေမှု၊  လုံခြုံရေးဆောင်ရွက်ပေးနေမှု အခြေအနေများ၊ ပြည်သူများအသိနှင့် သတိရှိရေးအတွက် အသိပညာပေးရေးနှင့် ပတ်သက်၍ အသီးသီး အကြံပြုဆွေးနွေးတင်ပြကြ သည်။

ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်က ကိုဗစ်-၁၉ ရောဂါကာကွယ်၊ ထိန်းချုပ်၊ ကုသရေး လုပ်ငန်းများနှင့် ပတ်သက်၍ အသီးသီးဆွေးနွေး တင်ပြချက်များ အပေါ် လိုအပ်သည်များကို တာဝန်ရှိသူများနှင့် ဖြည့်ဆည်းပေါင်းစပ် ဆောင်ရွက်ပေးပြီး နိဂုံးချုပ်စကား ပြောကြားကာ အစည်းအဝေးကို ရုပ်သိမ်းခဲ့ကြသည်။

ဆက်လက်ပြီး တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်နှင့် တာဝန်ရှိသူများသည် ဖေဖော်ဝါရီလ (၁၉)ရက် နံနက်ပိုင်းတွင် မုံရွာစီးပွားရေးတက္ကသိုလ်ရှိ ကိုဗစ်-၁၉ ရောဂါ Quarantin Center အမျိုးသား၊ အမျိုးသမီးအဆောင်နှင့် Positive Center အမျိုးသား၊ အမျိုးသမီးအဆောင်များ ပြင်ဆင်ဆောင်ရွက်ထားရှိမှုအား တာဝန်ရှိသူများက လိုက်လံရှင်းလင်း တင်ပြကြပြီး တိုင်းဒေသကြီး ဝန်ကြီးချုပ်က ရှင်းလင်းတင်ပြချက်များအပေါ် လိုအပ်သည်များကို တာဝန်ရှိသူများနှင့် ဖြည့်ဆည်းပေါင်းစပ် ဆောင်ရွက်ပေးကာ အိပ်ဆောင်များအား လှည့်လည် ကြည့်ရှုစစ်ဆေးခဲ့ကြသည်။

ယင်းနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် မုံရွာတက္ကသိုလ်အတွင်းရှိ ဓမ္မာရုံနှင့် ရွှေစည်းခုံစေတီတော်မြတ်ကြီးရှိ သာသနာ့ဗိမ္မာန်တော်တို့တွင် မုံရွာမြို့ပေါ် ရှိရပ်ကွက်များမှ ဒေသခံပြည်သူများအား ကိုဗစ်-၁၉ ရောဂါ ပထမအကြိမ် Phase 7 ကာကွယ် ဆေးများထိုးနှံ ပေးနေမှုများအား လိုက်လံကြည့်ရှု အားပေးပြီး ကာကွယ်ဆေး ထိုးနှံနေကြသည့် ပြည်သူများအား ရင်းရင်းနှီးနှီးလိုက်လံ နုတ်ဆက်အားပေးကာ ကာကွယ်ဆေးထိုးနှံရေး လုပ်ငန်း များ ရာနှုန်းပြည့်အောင်မြင်အောင် ထိုးနှံနိုင်ရေး တာဝန်ရှိသူများနှင့် ဖြည့်ဆည်းပေါင်းစပ် ဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိသည်။  

သတင်း အချက်အလက်