မုံရွာ စက်တင်ဘာ ၂၇
စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်သည် တိုင်းဒေသကြီး လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး ဝင်းတင်စိုး၊ သယံဇာတရေးရာဝန်ကြီး ဦးတင်သန်းဝင်းနှင့် တာဝန်ရှိ သူများလိုက်ပါလျှက် စက်တင်ဘာလ (၂၆)ရက်၊ နံနက်ပိုင်းတွင် ရွှေဘိုခရိုင်၊ ရွှေဘိုမြို့၊ အမှတ်(၁၀) ရပ်ကွက်ရှိ အောက်ဆီဂျင်စက်ရုံသို့ရောက်ရှိရာ ရွှေဘိုမြို့နေပြည်သူများ အောက်ဆီဂျင်ပြည့်မီစွာရရှိ ရေးအတွက် တစ်ရက်လျှင် ၄၀ လီတာဆံ့ အောက်ဆီဂျင်အိုး - ၂၀၀ အိုး ထုတ်လုပ်နေမှုအား ကြည့်ရှု့ စစ်ဆေးပြီး စက်ရုံတာဝန်ခံ ဦးကိုကိုကြီးက အောက်ဆီဂျင်စက်ရုံလည်ပတ်နေမှု လုပ်ငန်းများ၊ လျှပ်စစ် မီးရရှိရေး၊ အဆောက်အဦတိုးချဲ့တည်ဆောက်ရေး လုပ်ငန်းများနှင့် ပတ်သက်၍ ရှင်းလင်း တင်ပြရာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်က ရှင်းလင်းတင်ပြချက်များအပေါ် လိုအပ်သည်များကို တာဝန်ရှိသူများနှင့် ဖြည့်ဆည်းပေါင်းစပ်ဆောင်ရွက်ပေးပြီး စက်ရုံအတွက်လိုအပ်လျက်ရှိသည့် 200 KVA ထရန်စဖော်မာ ၁ လုံးအား တိုင်းဒေသကြီးအစိုးရမှ ဖြည့်ဆည်းပေးခဲ့သည်။

ဆက်လက်၍ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်နှင့် တာဝန်ရှိသူများသည် ရွှေဘို မြို့၊ ပြည်သူ့ဆေးရုံကြီးသို့သွားရောက်၍ ဆေးရုံအုပ်ကြီး၊ ဆရာဝန်များ၊ သူနာပြုများ၊ ဝန်ထမ်းများနှင့် တွေ့ဆုံပွဲ အခမ်းအနားသို့ တက်ရောက်ရာ ရွှေဘိုမြို့၊ ပြည်သူ့ဆေးရုံအုပ်ကြီး ဒေါက်တာ စောသက်လျာအောင် က ဒေသခံ ပြည်သူများအား ကျန်းမာရေးစောင့်ရှောက်ပေးနေမှုလုပ်ငန်းများနှင့် ပတ်သက်၍လည်းကောင်း၊ ခရိုင် ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာခင်ဌေးသန်းက ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ထိုးနှံပေးနေမှု လုပ်ငန်းများနှင့် ပတ်သက်၍ လည်းကောင်း ရှင်းလင်းတင်ပြကြသည်။

ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်က ရွှေဘိုမြို့ ပြည်သူ့ဆေးရုံအုပ် ကြီးနှင့် တာဝန်ရှိသူများထံ ဆေးရုံသုံးပစ္စည်းများနှင့် စားသောက်ဖွယ်ရာများအားပေးအပ်ပြီး ရှင်းလင်း တင်ပြချက်များအပေါ် လိုအပ်သည်များကို တာဝန်ရှိသူများနှင့် ဖြည့်ဆည်းပေါင်းစပ် ဆောင်ရွက် ပေးပြီး နိဂုံးချုပ်စကားပြောကြားကာ အထူးကုဆရာဝန်ကြီးများ၊ ဆရာဝန်များ၊ သူနာပြုများ၊ ဝန်ထမ်းများအား ရင်းရင်းနှီးနှီးနှုတ်ဆက်အားပေးခဲ့သည်။

ယင်းနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်နှင့် တာဝန်ရှိသူများသည် ရွှေဘိုမြို့၊ ဂေါက်ကွင်းလမ်း၊ အရှည် ၂၂၅၀ ပေ၊ အကျယ် ၁၈ ပေ၊ ၉ လက်မထု ကွန်ကရစ်လမ်းခင်းကျင်းနေမှုနှင့် ရွှေဘိုမြို့၊ ပေါ်ဦးလမ်းပေါ်ရှိ တံတားအထူးအဖွဲ့(၂)မှ တာဝန်ယူတည်ဆောက်နေသည့် တံတားနက် တံတား အရှည် ၁၂၀ ပေ၊ ယာဉ်သွားလမ်းအကျယ် ၂၈ ပေ၊ သံကူကွန်ကရစ် ကြမ်းခင်းတံတား တည်ဆောက်နေမှုအား ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များကို တာဝန်ရှိသူများနှင့် ဖြည့်ဆည်း ပေါင်းစပ်ဆောင်ရွက်ခဲ့သည်။

ဆက်လက်ပြီး တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်နှင့် တာဝန်ရှိသူများသည် ရွှေဘိုမြို့၊ မြို့မဈေးသို့ရောက်ရှိရာ စည်ပင်သာယာရေးအဖွဲ့မှ ဒုတိယ ညွှန်ကြားရေးမှူး ဦးသန်းဦးက ဆိုင်ခန်းများ ပြန်လည်တည်ဆောက်ရေးလုပ်ငန်းများနှင့် ပတ်သက်၍ ရှင်းလင်းတင်ပြရာ တိုင်းဒေသကြီး ဝန်ကြီးချုပ်က ဈေးရောင်းချသူပြည်သူများ ရောင်းဝယ်ရေးလုပ်ငန်းများ အဆင်ပြေစွာ ပြန်လည်ရောင်းချနိင်ရေးအတွက် အချိန်မီတည်ဆောက်ပြီးစီးရေး၊ စံချိန်စံညွှန်းမီ အရည်အသွေး ကောင်းမွန်စွာတည်ဆောက်ရေး၊ မီးဘေးအန္တရာယ်ကင်းရှင်းရေးနှင့် လုပ်ငန်းခွင်အတွင်းဘေး အန္တရာယ်ကင်းရှင်းရေးတို့နှင့် ပတ်သက်၍ လိုအပ်သည်များကို တာဝန်ရှိသူများနှင့် ဖြည့်ဆည်း ပေါင်းစပ်ဆောင်ရွက်ပေးခဲ့သည်။

ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်နှင့် တာဝန်ရှိသူများသည် ရွှေဘိုမြို့၊ မဟာနန္ဒာကန်တော်ရှင်းလင်းဆောင်သို့ ရောက်ရှိရာ ရွှေဘိုခရိုင် ဆည်မြောင်းနှင့် ရေအသုံးချမှုစီမံ ခန့်ခွဲရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးခင်မောင်တင့်က မဟာနန္ဒာကန်တော် ကန်ရေဝင်ရောက်မှုအခြေအနေအား လည်းကောင်း၊ စည်ပင်သာယာရေးအဖွဲ့မှ ဒုတိယညွှန်ကြားရေးမှူး ဦးသန်းဦးက မဟာနန္ဒာကန်မှ မြို့သောက်သုံးရေပေးဝေနေမှု လုပ်ငန်းများအား လည်းကောင်း အသီး သီးရှင်းလင်းတင်ပြကြရာ တိုင်းဒေသကြီး ဝန်ကြီးချုပ်က အသီးသီးတင်ပြချက်များအပေါ် လိုအပ် သည်များကို တာဝန်ရှိသူများနှင့် ဖြည့်ဆည်းပေါင်းစပ်ဆောင်ရွက်ပေးကာ မဟာနန္ဒာကန် အမှတ် (၁)နှင့် အမှတ်(၂)ကန်ရေဝင်ရောက်မှု အခြေအနေအား ကြည့်ရှုစစ်ဆေးခဲ့သည်။

ဆက်လက်ပြီး တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်နှင့် တာဝန်ရှိသူများသည် ရွှေဘို မြို့နယ်၊ အောင်ချမ်းသာကျေးရွာရှိ စပါးတစ်ဧကအထွက်နှုန်းတိုးရေး စံပြစိုက်ခင်း တောင်သူ ဦးဝင်းဘို၏ ရွှေဘိုပေါ်ဆန်း - ၈ ဧကတွင် မြေသြဇာကြဲပတ်နေမှုနှင့် ယူရီးယားဓါတ်မြေသြဇာ အသုံး ပြုမှုသရုပ်ပြသနေမှုတို့အား ကြည့်ရှု့အားပေးပြီး ဒေသခံတောင်သူများအား ရင်းရင်းနှီးနှီးနှုတ်ဆက်၍ လက်ဆောင်ပစ္စည်းများပေးကာ ဝက်လက်မြို့နယ်၊ စိုင်နိုင်ကြီးကျေးရွာရှိ၊ မျိုးစေ့သန့်စင်စက်ရုံသို့ ရောက်ရှိရာ စက်ရုံ တာဝန်ခံ ဦးမင်းဆွေက မျိုးစေ့သန့်စင်စက်ရုံလည်ပတ်မှု လုပ်ငန်းများနှင့် ပတ်သက်၍ လိုက်လံရှင်းလင်းတင်ပြရာ တိုင်းဒေသကြီးဝန်ကြီးချုပ်က လုပ်ငန်းများနှင့် ပတ်သက်၍ လိုအပ်သည်များကို တာဝန်ရှိသူများနှင့် ဖြည့်ဆည်းပေါင်းစပ် ဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိသည်။

မုံရွာ စက်တင်ဘာ ၂၆
စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်သည် တိုင်းဒေသကြီး လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး ဝင်းတင်စိုး၊ သယံဇာတရေးရာဝန်ကြီး ဦးတင်သန်းဝင်း၊ လူမူရေး ရာဝန်ကြီး ဦးအေးလိူင်၊ တိုင်းရင်းသားရေးရာဝန်ကြီး ဦးစိုင်းနိုင်နိုင်ကျော်နှင့် တာဝန်ရှိသူများ လိုက်ပါ လျက် စက်တင်ဘာလ (၂၅)ရက်၊ မွန်းလွဲပိုင်းတွင် ကသာခရိုင်၊ ထီးချိုင့်မြို့ရှိ  ရွှေသင်္ဂဇာကျောင်း တိုက်၊ ဘဒ္ဒန္တသုန္ဒရ ဆရာတော်ကြီးထံ ဝါဆိုသင်္ကန်း၊ လှူဘွယ်ပစ္စည်းများနှင့် ဆွမ်းဆန်စိမ်းများ ဆပ်ကပ်လှူဒါန်းခဲ့ကြသည်။

ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်နှင့် တာဝန်ရှိသူများသည် ထီးချိုင့်မြို့၊ ရွှေပြည်သာခန်းမတွင် ကျင်းပသော မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ မြို့မိမြို့ဖများ၊ လူမူရေးအသင်းအဖွဲ့ဝင်များနှင့် တွေ့ဆုံပွဲအခမ်းအနားသို့ တက်ရောက်ရာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်က အမှာစကားပြောကြားသည်။

ဆက်လက်ပြီး ထီးချိုင့်မြို့နယ်၊ ယာယီရဲတပ်ဖွဲ့မှူးမှ နယ်မြေအခြေအနေနှင့် လုံခြုံရေး ဆိုင်ရာများကို လည်းကောင်း၊  မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဌမှ ထီးချိုင့်မြို့နယ် ဒေသဖွံ့ဖြိုး ရေးလုပ်ငန်းများနှင့် ပတ်သက်၍ အသီးသီး ရှင်းလင်းတင်ပြကြရာ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ တိုင်းဒေသကြီးအဆင့်ဌာနဆိုင်ရာများမှ မိမိတို့ဌာနများအလိုက် လုပ်ငန်းများဆောင်ရွက်နေမှုများနှင့် ပတ်သက်၍ အသီးသီးရှင်းလင်းပြောကြားကြသည်။

ယင်းနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်နှင့် တာဝန်ရှိသူများက ထောက်ပံ့ ငွေ၊ ၄၀ လီတာဆံ့ အောက်ဆီဂျင်အိုးများ၊ Concentator များ၊ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးပစ္စည်းများ၊ စားသောက်ဖွယ်ရာများ၊ အားကစားပစ္စည်းများနှင့် ဒေသခံတောင်သူများအတွက် ဓာတ်မြေသြဇာနှင့် ပိုးသက်ဆေးများအား တာဝန်ရှိသူများထံ အသီးသီး ပေးအပ်ခဲ့ကြပြီး တိုင်းဒေသ ကြီးဝန်ကြီးချုပ် ဦးမြတ်ကျော်က နိဂုံးချုပ်စကားပြောကြားကာ အခမ်းအနားသို့ တက်ရောက်လာသူများအား ရင်းရင်းနှီးနှီးလိုက်လံနုတ်ဆက် အားပေးခဲ့ကြသည်။

ဆက်လက်၍ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်နှင့် တာဝန်ရှိသူများသည် ညနေပိုင်းတွင် ထီးချိုင့်မြို့၊ ပြည်သူ့ဆေးရုံကြီးသို့ ရောက်ရှိရာ ထီးချိုင့်မြို့ပြည်သူ့ဆေးရုံကြီးတွင် တာဝန်ထမ်းဆောင်နေကြသော ဆရာဝန်များ၊ သူနာပြုများနှင့် ဝန်ထမ်းများအား ရင်းရင်းနှီးနှီး နုတ်ဆက်အားပေးကာ စားသောက်ဖွယ်ရာများ ထောက်ပံ့ပေးအပ်ပြီး ကျန်းမာရေးဆောင်ရွက်မှုလုပ်ငန်းများနှင့် ပတ်သက်၍ လိုအပ်သည်များကို တာဝန်ရှိသူများနှင့် ဖြည့်ဆည်းပေါင်းစပ် ဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိသည်။

မုံရွာ စက်တင်ဘာ ၂၄
စစ်ကိုင်းတိုင်းဒေသကြီး အစိုးရအဖွဲ့နှင့် စီးပွားရေးလုပ်ငန်းရှင်များ တွေ့ဆုံပွဲအခမ်းအနား ကို စက်တင်ဘာလလ(၂၃)ရက်၊ နေ့လည်(၂) နာရီအချိန်တွင် တိုင်းဒေသကြီး အစိုးရအဖွဲ့ရုံးရှိ ချင်းတွင်းခန်းမတွင် ကျင်းပရာ အခမ်းအနားသို့ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာအကြီးအကဲများ၊ ဖိတ်ကြားထားသော စီးပွားရေးလုပ်ငန်းရှင်များနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။

ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်က အမှာစကား ပြောကြားရာတွင် “ စစ်ကိုင်တိုင်းဒေသကြီးအတွင်းရှိ မြို့နယ်များတွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်ရေး လုပ်ငန်းများ အရှိန်အဟုန်မြှင့် ဆောင်ရွက်ခဲ့လို့ ပိုးတွေ့ရှိမှုသိသိသာသာ လျော့နည်းလာပါကြောင်း၊ စီးပွား ရေးလုပ်ငန်းရှင်များအနေဖြင့် စီးပွားရေးလုပ်ငန်းများကို ပုံမှန်ပြန်ဖြစ်လာအောင် ဆောင်ရွက်ရမည့် အချိန်အခါလည်းဖြစ်ပါကြောင်း၊ ကိုဗစ်-၁၉ ရောဂါကြောင့် ယခုအချိန်အခါတွင် လုပ်ငန်းများရပ်နား ထားတဲ့အတွက် အလုပ်လုပ်သူ အခြေခံလူတန်းစားများ ဝင်ငွေမရှိတော့ဘဲ စားသောက်ရေး မှာအခက်အခဲများ ဖြစ်ပေါ်လျှက်ရှိပြီး လူမူစီးပွားဘဝများ ထိခိုက်လာသလို လုပ်ငန်းများရပ်တန့် သွားခြင်းကြောင့် လုပ်ငန်းရှင်များအနေနှင့်လည်း ထုတ်ကုန်ပစ္စည်းများ၊ ရောင်းကုန်ပစ္စည်းများ အခက်အခဲဖြစ်ပေါ်နေသည်ကို တွေ့ရှိရပါကြောင်း၊ စက်ရုံ၊အလုပ်ရုံတွေကိုလည်း သက်ဆိုင်ရာအဖွဲ့ အစည်းများမှ စည်းစနစ်တကျ ကြပ်မတ်၍ ကိုဗစ်-၁၉ ရောဂါ စည်းကမ်းချက်များနှင့်အညီ ဖွင့်လှစ်ဆောင်ရွက်နိုင်ရန်နှင့် လုပ်ငန်းများကို ပြန်လည်လုပ်ဆောင်မှသာ အလုပ်သမား၊ အလုပ်ရှင်များ ဝင်ငွေများရရှိပြီး ဒေသလည်းဖွံ့ဖြိုးတိုးတက်လာမှာဖြစ်ပါကြောင်း၊ တိုင်းဒေသကြီးအတွင်း စီးပွားရေး ကောင်းမွန်တိုးတက်လာစေရန် မိမိတို့တိုင်းဒေသကြီးအစိုးရအဖွဲ့ အနေနဲ့ ပူးပေါင်း၍ဝိုင်းဝန်းကူညီ ဆောင်ရွက်ပေးသွားမှာ ဖြစ်ပါကြောင်း” ပြောကြားခဲ့သည်။

ယင်းနောက် စီးပွားရေးလုပ်ငန်းရှင်များမှ မိမိတို့လုပ်ကိုင်ဆောင်ရွက်နေသော စီးပွားရေးလုပ်ငန်းများ ဆောင်ရွက်နေမှုများ၊ လုပ်ငန်းလိုအပ်ချက်နှင့် ပံ့ပိုးဖြည့်ဆည်းပေးလိုသည်များကို အသီးသီး တင်ပြဆွေးနွေးကြပြီး တိုင်းဒေသကြီးအဆင့်ဌာနဆိုင်ရာများ အကြီးအကဲများက မိမိတို့ ဌာနလုပ်ငန်းများနှင့် ပတ်သက်၍ ကူညီပေါင်းစပ်ဆောင်ရွက်ပေးမည့်လုပ်ငန်းများအား ရှင်းလင်းဆွေးနွေးကြသည်။

ထိုနောက် တိုင်းဒေသကြီးဝန်ကြီးချုပ်က လိုအပ်သည်များကို တာဝန်ရှိသူများနှင့် ဖြည့်ဆည်းပေါင်းစပ် ဆောင်ရွက်ပေးကာ နိဂုံးချုပ်စကားပြောကြားပြီး တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်နှင့် တာဝန်ရှိသူများက စီးပွားရေးလုပ်ငန်းရှင်များအား အမှတ်တရလက်ဆောင်များ အသီးသီးပေးအပ်ကြပြီး အခမ်းအနားကို ရုပ်သိမ်းခဲ့ကြောင်း သတင်းရရှိသည်။

မုံရွာ စက်တင်ဘာ ၂၁
စစ်ကိုင်းတိုင်းဒေသကြီး ဒေသအလိုက် စိုက်ပျိုးသင့်သည့် သီးနှံများ၊ သစ်ပင်များနှင့် မွေးမြူ သင့်သည့် တိရိစ္ဆာန်များဆိုင်ရာ ဆွေးနွေးပွဲကို စက်တင်ဘာလ (၂၁)ရက်၊ မွန်းတည့်(၁၂)နာရီအချိန် တွင် စစ်ကိုင်းတိုင်းဒေသကြီး အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမတွင် ကျင်းပရာ ဆွေးနွေးပွဲသို့ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ တိုင်းဒေသကြီးအဆင့်ဌာနဆိုင်ရာများ၊ တာဝန်ရှိသူများတက်ရောက်ကြသည်။

ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်က အမှာစကား ပြောကြားရာတွင် “ စစ်ကိုင်းတိုင်းဒေသကြီးရဲ့ အဓိကစီးပွားရေးဟာ စိုက်ပျိုးမွေးမြူရေးကို အခြေခံတာဖြစ်တဲ့အတွက် တိုင်းဒေသကြီးအစိုးရနှင့် ဌာနဆိုင်ရာများအနေဖြင့် စိုက်ပျိုးရေး၊ မွေးမြူရေးလုပ်ငန်းများကို အထူး အလေးထားအားပေးဆောင်ရွက်ရမည် ဖြစ်ပါကြောင်း၊ တိုင်းဒေသကြီးအတွင်း ရေမြေရာသီဥတုနှင့် မိုးရွာသွန်းမှုအပေါ် မူတည်၍ စိုက်ပျိုးမွေးမြူမှသာ လုပ်ကိုင်သူများအတွက် အကျိုးအမြတ်ရရှိပြီး ဒေသနှင့်တိုင်းဒေသကြီးကိုပါ အကျိုးပြုမှာဖြစ်ပါကြောင်း၊ စီမံခန့်ခွဲမူတာဝန်ယူထားသူများက မှန်ကန်သည့်နည်းပေးညွှန်ပြမှုရှိမှသာ လုပ်ဆောင်မှုအားလုံး ရာနှုန်းပြည့်အောင်မြင်ကာ အကျိုးခံစားရစေ မှာဖြစ်ပါကြောင်း ”ထည့်သွင်းပြောကြားခဲ့သည်။

ယင်းနောက် တိုင်းဒေသကြီး စိုက်ပျိုးရေးဦးစီးဌာနမှ တိုင်းဒေသကြီးဦးစီးမှူး ဦးဝင်းလိူင်ဦးက သီးနှံများစိုက်ပျိုးခြင်းဆိုင်ရာ ကိစ္စရပ်များကိုလည်းကောင်း၊ တိုင်းဒေသကြီး သစ်တောဦးစီးဌာန ညွန်ကြားရေးမှူး ဦးကျော်ဇေယျ က သစ်ပင်များစိုက်ပျိုးမှုဆိုင်ရာ ကိစ္စရပ်များကိုလည်းကောင်း၊ တိုင်းဒေသကြီး အပူပိုင်းဒေသစိမ်းလန်းစိုပြေရေးဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူး ဦးသိန်းနိုင်ကြွယ်က သဘာဝပတ်ဝန်းကျင် စိမ်းလန်းစိုပြေရေးဆိုင်ရာ ကိစ္စရပ်များကိုလည်းကောင်း၊ တိုင်းဒေသကြီး မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန တိုင်းဒေသကြီးဦးစီးမှူး ဒေါက်တာသန်းနိုင်က တိရိစ္ဆာန်မွေးမြူရေး ဆိုင်ရာ ကိစ္စရပ်များကို လည်းကောင်း၊ တိုင်းဒေသကြီး ငါးလုပ်ငန်းဦးစီးဌာနမှ တိုင်းဒေသကြီးဦးစီးမှူး ဦးသက်နိုင်က ငါးမွေးမြူရေးဆိုင်ရာ ကိစ္စရပ်များကိုလည်းကောင်း အသီးသီးဆွေးနွေးတင်ပြကြသည်။

ဆက်လက်၍ တိုင်းဒေသကြီးလုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး ဝင်းတင်စိုးနှင့် သယံဇာတရေးရာဝန်ကြီး ဦးတင်သန်းဝင်းတို့က ဒေသအလိုက်စိုက်ပျိုးသင့်သည့် သီးနှံများ၊ သစ်ပင်များနှင့် မွေးမြူသင့်သည့် တိရိစ္ဆာန်များဆိုင်ရာ လုပ်ငန်းများနှင့် ပတ်သက်၍ ဆွေးနွေးတင်ပြချက် များအပေါ် လိုအပ်သည်များကို အကြံပြုဆွေးနွေးကာ ဆွေးနွေးပွဲသို့ တက်ရောက်လာသူများမှ ဒေသအလိုက်စိုက်ပျိုးသင့်သည့် သီးနှံများ၊ သစ်ပင်များနှင့် မွေးမြူသင့်သည့် တိရိစ္ဆာန်များဆိုင်ရာ လုပ်ငန်းများနှင့် ပတ်သက်၍ အထွေထွေဆွေးနွေးတင်ပြကြသည်။

ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော် က ဒေသအလိုက်စိုက်ပျိုးသင့်သည့် သီးနှံများ၊ သစ်ပင်များနှင့် မွေးမြူသင့်သည့် တိရိစ္ဆာန်များဆိုင်ရာ လုပ်ငန်းများနှင့် ပတ်သက်၍ အသီးသီးဆွေးနွေးတင်ပြချက်များအပေါ် လိုအပ်သည်များကို တာဝန်ရှိသူများနှင့် ဖြည့်ဆည်းပေါင်းစပ် ဆောင်ရွက်ပေးပြီး စစ်ကိုင်းတိုင်းဒေသကြီး၏ သစ်တောဖုံးလွှမ်းမှုမှာ တိုင်းဒေသကြီးမြေဧရိယာ၏ ၂၄.၃၄ % ဖုံးလွှမ်းလျက်ရှိပါကြောင်းနှင့် ယနေ့အထိ စပါး ၁၈ သိန်း ၂ သောင်းကျော်၊ ပဲမျိုးစုံ ၁၂ သိန်းကျော်၊ ဆီထွက်သီးနှံ ၈ သိန်း ၂ သောင်းကျော် စိုက်ပျိုးထားပါကြောင်း၊ မွေးမြူရေးအနေဖြင့် ဥစားကြက်အကောင်ရေ ၁၃ သိန်းကျော်၊ အသားစားကြက်အကောင်ရေ ၂၆ သိန်းကျော်၊ ဒေသ ကြက်အကောင်ရေ ၇၂ သိန်းကျော်နှင့် ဝက်အကောင်ရေ ၂ သိန်း ၈ သောင်းကျော်၊ နွားအကောင်ရေ နှစ်ဆယ်သိန်းလေးသောင်းကျော်၊ ငါးအကောင်ရေ သိန်းတစ်ရာ့ငါးဆယ်ကျော်တို့အား မွေးမြူထားရှိ ပါကြောင်း ပြောကြားကာ နိဂုံးချုပ်စကားပြောကြားပြီး ဆွေးနွေးပွဲကိုရုပ်သိမ်းခဲ့ကြောင်း သတင်းရရှိသည်။

မုံရွာ စက်တင်ဘာ ၂၀
စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်သည် တိုင်းဒေသကြီး လုံခြုံရေးနှင့်နယ်စပ် ရေးရာဝန်ကြီး ဗိုလ်မှူးကြီး ဝင်းတင်စိုး၊ သယံဇာတရေးရာဝန်ကြီး ဦးတင်သန်းဝင်း၊ လူမူရေးရာဝန်ကြီး ဦးအေးလိူင်၊ တိုင်းရင်းသားရေးရာဝန်ကြီး ဦးစိုင်းနိုင်နိုင်ကျော်နှင့် တာဝန်ရှိသူများ လိုက်ပါလျှက် စက်တင်ဘာလ(၁၉)ရက်၊ နံနက်ပိုင်းတွင် စစ်ကိုင်းတိုင်းဒေသကြီး စည်ပင်သာယာရေးအဖွဲ့ရုံး အစည်း အဝေးခန်းမသို့ ရောက်ရှိရာ တိုင်းဒေသကြီး စည်ပင်သာယာရေးအဖွဲ့ ညွှန်ကြားရေးမှူး ဦးသစ်ထူးမြင့် က မုံရွာမြို့အတွင်း ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ၊ မြို့သန့်ရှင်းသာယာလှပရေးနှင့် သောက်သုံးရေသန့် ရရှိရေးများ ဆောင်ရွက်နေမှုနှင့် ဆက်လက်ဆောင်ရွက်မည့် အစီအမံများနှင့် ပတ်သက်၍ ရှင်းလင်း တင်ပြရာ တိုင်းဒေသကြီး ဝန်ကြီချုပ် ဦးမြတ်ကျော်က ရှင်းလင်းတင်ပြချက်များအပေါ် လိုအပ်သည် များကို တာဝန်ရှိသူများနှင့် ဖြည့်ဆည်းပေါင်းစပ် ဆောင်ရွက်ပေးခဲ့သည်။

ဆက်လက်၍ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်နှင့် တာဝန်ရှိသူများသည် မုံရွာမြို့၊ ကွေ့ကြီးရပ်ကွက်ရှိ စစ်ကိုင်းတိုင်းဒေသကြီး စည်ပင်သာယာရေးအဖွဲ့ နိုင်လွန်ကတ္တရာစက်ရုံသို့ ရောက်ရှိရာ တိုင်းဒေသကြီး စည်ပင်သာယာရေးအဖွဲ့ ညွှန်ကြားရေးမှူးက အိန္ဒိယနိုင်ငံမှ ထုတ်လုပ် သည့် APOLLO DM 60 စက်အမျိုးအစားဖြစ်ပြီး စက်စွမ်းအား တစ်နာရီ AC တန် ၆၀ ထွက်ရှိရာ ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ်တွင် တန်ဘိုး - ၃၇၂.၅ သန်းဖြင့်ဝယ်ယူ၍ မုံရွာမြို့အတွင်းရှိ လမ်းများအား အဆင့်မွှင့်တင် ဆောင်ရွက်နေမှုများနှင့် ပတ်သက်၍ ရှင်းလင်းတင်ပြသည်။

ထို့နောက် တိုင်းဒေသကြီး ဝန်ကြီချုပ်က တိုင်းဒေသကြီး စည်ပင်သာယာရေးအဖွဲ့ နိုင်လွန် ကတ္တရာစက်ရုံနှင့် ပတ်သက်၍ ရှင်းလင်းတင်ပြချက်များအပေါ် လိုအပ်သည်များကို တာဝန်ရှိသူများ နှင့် ဖြည့်ဆည်းပေါင်းစပ် ဆောင်ရွက်ပေးပြီး နိုင်လွန်ကတ္တရာစက်ရုံ လုပ်ငန်းလည်ပတ်နေမှုအား ကြည့်ရှုစစ်ဆေးခဲ့သည်။

ဆက်လက်ပြီး တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်နှင့် တာဝန်ရှိသူများသည် ထန်းတော ရပ်ကွက်ရှိ အောင်မဟာလမ်း၊ လမ်းအရှည် - ၅၄၈၈ ပေ၊ အကျယ် - ၂၂ ပေ၊ ၃ လက်မခွဲထု နိုင်လွန်ကတ္တရာခင်းကျင်းနေမှု၊ နန္ဒဝန်ရပ်ကွက်ရှိ၊ တိုင်းဒေသကြီး လူမူဝန်ထမ်းဦးစီးဌာနရုံးရှေ့ လမ်းအရှည် - ၃၉၂ ပေ၊ အကျယ် - ၁၈ ပေ၊ ၉ လက်မထု ကွန်ကရစ်လမ်း ခင်းကျင်းနေမှုနှင့် တိုင်းဒေသကြီးအဆင့်ဌာနဆိုင်ရာရုံးများ ပတ်ဝန်းကျင်ရှိ လမ်း- ၂၂ လမ်းအား အကျယ် - ၁၆ ပေ ၉ လက်မထု ကွန်ကရစ်လမ်းခင်းကျင်းနေမှုတို့အား လှည့်လည်ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များကို တာဝန်ရှိသူများနှင့် ဖြည့်ဆည်းပေါင်းစပ် ဆောင်ရွက်ပေးခဲ့သည်။

ဆက်လက်ပြီး တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်နှင့် တာဝန်ရှိသူများသည် သလ္လာဝတီ ရပ်ကွက်ရှိ Aqua Pura Co,Ldt နှင့်ပူးပေါင်း၍ B.O.D စနစ်ဖြင့်အကျိုးတူ သောက်သုံးရေသန့်ပေးဝေ ရေးစက်ရုံသို့ ရောက်ရှိရာ မုံရွာမြို့နယ် စည်ပင်သာယာရေးအဖွဲ့ အမူဆောင်အရာရှိ ဦးထွန်းထွန်းက Aqua Pura Co,Ldt နှင့်ပူးပေါင်း၍ မုံရွာမြို့အတွင်း သောက်သုံးရေသန့်ပေးဝေရေးလုပ်ငန်းများနှင့် ပတ်သက်၍ ရှင်းလင်းတင်ပြရာ တိုင်းဒေသကြီး ဝန်ကြီးချုပ်က ရှင်းလင်းတင်ပြချက်များအပေါ် လိုအပ် သည်များကို တာဝန်ရှိသူများနှင့် ဖြည့်ဆည်းပေါင်းစပ် ဆောင်ရွက်ပေးကာ ရေပေးဝေရေးစက်ရုံ အတွင်း လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့သည်။

အဆိုပါ မုံရွာမြို့အတွင်း သောက်သုံးရေသန့် ပေးဝေနေမှုမှာ ချင်းတွင်းမြစ်မှရေတင်၍ ရေသန့် စင်စနစ်ဖြင့် အဆင့်ဆင့်သန့်စင်ပြီး မုံရွာမြို့ပေါ်ရှိ ရပ်ကွက် - ၁၈ ရပ်ကွက်၊ အိမ်ခြေ - ၁၀၂၇၇ အိမ်အား သောက်သုံးရေသန့် ဖြန့်ဝေပေးလျက်ရှိကြောင်း သတင်းရရှိသည်။

မုံရွာ စက်တင်ဘာ ၁၉
စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော် သည် တိုင်းဒေသကြီး လုံခြုံရေးနှင့်နယ် စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးဝင်းတင်စိုးနှင့် တာဝန်ရှိသူများလိုက်ပါလျက် စက်တင်ဘာလ(၁၈)ရက်၊ နံနက်ပိုင်းတွင် စစ်ကိုင်းခရိုင်၊ စစ်ကိုင်းမြို့နယ်၊ မာလဲတောကျေးရွာရှိ မိုးပျံနဂါးကုမ္ပဏီလိမိတက် ဘက်စုံမွေးမြူရေးခြံသို့ ရောက်ရှိရာ ခြံတာဝန်ခံ ဦးသက်ပိုင်ဖြိုးက ဘက်စုံမွေးမြူရေးခြံ မြေဧက - ၃၀ တွင် ဧက - ၂၀ အား စိုက်ပျိုးရေးအတွက်အသုံးပြုထားပြီး ကျန်မြေ - ၁၀ ဧကအား မွေးမြူရေးလုပ်ငန်းများ ဆောင်ရွက်နေမှုများနှင့်ပတ်သက်၍ ရှင်းလင်းတင်ပြသည်။

ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော် က လူတိုင်းအတွက်ကျန်းမာစွာဖြင့် အသက်ရှည်နေထိုင်နိုင်ရေးသည် အရေးကြီးပါကြောင်း၊ ၎င်းအတွက် ကျန်းမာရေးနှင့် ကိုက်ညီသည့် သန့်ရှင်းလတ်ဆတ်သော အသားများကို ဈေးနှုန်းသက်သာစွာဖြင့် လုံလောက်စွာ ဝယ်ယူနိုင်ရေးသည် အရေးကြီးပါကြောင်း၊ မွေးမြူရေးကိုစိုက်ပျိုးရေးနှင့်အတူ ပူးတွဲလုပ်ကိုင် ဆောင်ရွက်ခြင်းဖြင့် မွေးမြူရေးစွန့်ထုတ်ပစ္စည်းများသည် စိုက်ပျိုးရေးတွင်မြေသြဇာအဖြစ် အစားထိုးအသုံးပြုနိုင်ခြင်း ကြောင့် ကုန်ကျစရိတ်သက်သာသည့်အပြင် ဓာတုပစ္စည်းများ၏ ဆိုးကျိူးအန္တရာယ်မှ ကင်းလွတ် ခြင်းကြောင့် စားသုံးသူများရဲ့ကျန်းမာရေးကို များစွာအထောက်အကူပြုပါကြောင်း၊ မွေးမြူရေးထုတ် ကုန်များကိုလည်း ဒေသခံများနှင့် တိုင်းဒေသကြီးအတွင်းသာမက ပြည်ပသို့တင်ပို့ရောင်းချ နိုင်ရေးအတွက်ပါ ရည်မှန်းလုပ်ဆောင်ရန် လိုအပ်ပါကြောင်း၊ ထိုသို့လုပ်ဆောင်ရာတွင် ဈေးနှုန်း သက်သာပြီး ကျန်းမာရေးနှင့်ပါကိုက်ညီအောင် သတိပြုဆောင်ရွက်ပေးကြရန် လိုအပ်ပါကြောင်း ပြောကြားကာ ရှင်းလင်းတင်ပြချက်များအပေါ် လိုအပ်သည်များကို တာဝန်ရှိသူများနှင့် ဖြည့်ဆည်း ပေါင်းစပ်ဆောင်ရွက်ပေးပြီး ဘက်စုံမွေးမြူရေးခြံအတွင်း ဒေသနွားပြာစိမ်း အကောင်ရေ - ၁၉၇ ကောင်၊ CP ဝက် အကောင်ရေ - ၁၀၆၇ ကောင်၊ ဂျိတ်နီ ဆိတ်အကောင်ရေ - ၇၈ ကောင်၊ တိုင်းရင်း ကြက် အကောင်ရေ - ၂၉၂ ကောင်၊ မွေးမြူထားရှိမှုနှင့် နေဗီယာမြတ် - ၉ ဧက စိုက်ပျိုးထားရှိမှု တို့အား လှည့်လည်ကြည့်ရှု့ စစ်ဆေးခဲ့သည်။

ယင်းနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်နှင့် တာဝန်ရှိသူများသည် စစ်ကိုင်းမြို့နယ်၊ အုန်းတောကျေးရွာရှိ သဇင်ပန်းကြက်မွေးမြူရေးခြံ ရှင်းလင်းဆောင်သို့ ရောက်ရှိရာ ခြံတာဝန်ခံ ဦးဆန်းယုက အသားတိုးကြက် - ၃၈၀၀၀ ကောင် မွေးမြူထားရှိမှု လုပ်ငန်းများနှင့်ပတ်သက်၍ ရှင်းလင်းတင်ပြရာ တိုင်းဒေသကြီးဝန်ကြီးချုပ်က ရှင်းလင်းတင်ပြချက်များအပေါ် လိုအပ်သည်များကို တာဝန်ရှိသူများနှင့် ဖြည့်ဆည်းပေါင်းစပ်ဆောင်ရွက်ပေးခဲ့သည်။

ဆက်လက်၍ တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် ကျောက်ဆည်ကျေးရွာရှိ ဝက်မွေးမြူရေးခြံ တည်ဆောက်ရေးရှင်းလင်းဆောင်သို့ ရောက်ရှိရာ ခြံတာဝန်ခံ ဦးဆန်းယု က ဝက်မွေးမြူရေးခြံ တည်ဆောက်နေမှုလုပ်ငန်းများနှင့် ပတ်သက်၍ ရှင်းလင်းတင်ပြရာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော် က ရှင်းလင်းတင်ပြချက်များအပေါ် လိုအပ်သည်များကို တာဝန်ရှိသူများနှင့် ဖြည့်ဆည်းပေါင်းစပ် ဆောင်ရွက်ပေးကာ ဝက်မွေးမြူရေးခြံ တည်ဆောက်နေမှုအား ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သတင်းရရှိသည်။

သတင်း အချက်အလက်