win-kyi-choke

ပြည်ထောင်စု၏ အနောက်မြောက်တိုင်းမြို့တော်ကြီးဖြစ်သည့် စစ်ကိုင်းတိုင်းဒေသကြီးသည် စတုရန်းမိုင် ပေါင်း ၃၆၅၃၅ ကျယ်ဝန်းပြီး အရှေ့ဘက်တွင် ကချင်ပြည်နယ်နှင့် ရှမ်းပြည်နယ်၊ တောင်ဘက်တွင် မန္တလေးတိုင်း ဒေသကြီးနှင့် မကွေးတိုင်းဒေသကြီး၊ အနောက်ဘက်တွင် ချင်းပြည်နယ်တို့နှင့် တစ်သွေး တစ်သားတည်း ဆက်စပ် တည်ရှိကာ ဗမာ၊ ရှမ်း၊ နာဂ၊ ချင်းနှင့် ကတူး၊ ကနန်း တိုင်းရင်းသားမျိုးနွယ်စုများ အတူတကွ စုပေါင်းနေထိုင်သည့် ပြည်ထောင်စုငယ်တစ်ခုဖြစ်ပြီး လူဦးရေ ၅၃ သိန်းကျော် မှီတင်းနေထိုင်သည့် တိုင်းဒေသကြီးတစ်ခု ဖြစ်ပါသည်။

၂ဝဝ၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေနှင့်အညီ မဲဆန္ဒရှင်ပြည်သူများက ရွေးချယ်တင်မြှောက်ခဲ့သည့် တိုင်းဒေသကြီးအစိုးရအဖွဲ့အနေဖြင့် ဧရာဝတီနှင့် ချင်းတွင်းမြစ်အကြား ရှည်လျားကျယ်ပြန့်စွာ တည်ရှိပြီး ဆန်ရေ စပါး၊ ကျောက်သံပတ္တမြား ပေါကြွယ်ဝရာ ဤစစ်ကိုင်းတိုင်းဒေသကြီးကို အထက်မြန်မာပြည်၏ စပါးကျီနှင့် ဆီအိုးကြီးအဖြစ် ပုံဖော်ဖန်တီးနိုင်ပြီဖြစ်သကဲ့သို့ ကိုယ့်အားကိုယ်ကိုးနိုင်သည့် ဟင်းအိုးကြီးအဖြစ် ရပ်တည်နိုင်ရေး ကိုလည်း ဆက်လက် စီမံ ဆောင်ရွက်လျက်ရှိနေပြီ ဖြစ်ပါသည်။

တိုင်းဒေသကြီးအစိုးရအဖွဲ့အနေဖြင့် စတင်တာဝန်ယူသည့်အချိန်မှစ၍ တိုင်းဒေသကြီးတစ်ခုလုံး ဖွံ့ဖြိုး တိုးတက်ရေး၊ ကွာဟမှုများ လျော့နည်းကျဆင်းရေးတို့အတွက် အခြေခံ အဆောက်အအုံများ ထူထောင်ရာတွင် ပြည်သူအခြေပြု ဖွံ့ဖြိုးတိုးတက်ရေးကို ရေရှည်အဖြစ် ထိန်းသိမ်းဆောင်ရွက်နိုင်ရေး ကိုယ့်သား ကိုယ်ပိုး ကိုယ့်အား ကိုယ်ကိုး ပြီး ဒေသပြည်သူများ၏ ပူးပေါင်းပါဝင်မှုကို အခြေပြု၍ ကြိုးစား အားထုတ် ထူထောင်လျက်ရှိသည်။

တည်ဆောက်ဆဲလုပ်ငန်းများတွင် ရုပ်ပိုင်းဆိုင်ရာ တည်ဆောက်မှုဖြစ်သည့် လူမှုစီးပွားလုပ်ငန်းများ၌ အကျုံးဝင်သော စိုက်ပျိုးရေး၊ လမ်းပန်းဆက်သွယ်ရေး၊ ပို့ဆောင်ရေး၊ ကုန်သွယ်ရေး၊ စီမံခန့်ခွဲရေး  လုပ်ငန်းများကို လုံးပန်းအားထုတ်လျက်ရှိသည့်နည်းတူ စိတ်ပိုင်းဆိုင်ရာယဉ်ကျေးမှုလုပ်ငန်းများတွင် အကျုံးဝင်သည့် ပညာရေး၊ ကျန်းမာကြံ့ခိုင်ရေးနှင့် အသိဗဟုသုတ တိုးပွားရေးတို့ကိုလည်း တစ်ချိန်တည်း တစ်ပြိုင်တည်း လုံးပန်းတည်ဆောက် ခဲ့ရာ (၄)နှစ်တာ ကာလအတွင်း သိသာထင်ရှားစွာ အကောင်အထည် ပေါ်လာခဲ့ပြီဖြစ်ပါသည်။

တိုင်းဒေသကြီးတစ်ခုလုံး ဖွံ့ဖြိုးတိုးတက်ရေး ဆောင်ရွက်ရာ၌ နောင်တိုးပွားလာမည့်လူဦးရေနှင့် အနာဂတ် မျိုးဆက်သစ်များ၏ အရေးကိုပါ မျှော်တွေး၍ လွင်ပြင်ဒေသလည်းမကျန်၊ တောင်တန်းဒေသလည်း မထား၊ ဝေးလံခေါင်သီသည်ဆိုပြီး အမှုမဲ့ အမှတ်မဲ့မထား ကြိုးပမ်းအကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိရာ ရလဒ် အခြေခံကောင်းများကို ခိုင်ခံ့သော အထောက်အထားများ၊ ကိန်းဂဏန်းများ၊ ရုပ်ပုံ၊ ဓာတ်ပုံများ ဖြင့် မော်ကွန်း မှတ်တမ်းတင်နိုင်ခဲ့ပြီဖြစ်ရာ တိုင်းဒေသကြီး၏ ဂုဏ်ကိုဆောင်ပြီး ပြည်ထောင်စုကြီး၏ ဂုဏ်ဒြပ်ကိုပါ ထပ်မံ ထင်ဟပ် ဖော်ဆောင်နိုင်ရေး ပြည်သူလူထု ပူးပေါင်းပါဝင်မှုနှင့် တွဲလက်ညီညီ ပေါင်းစပ်ဆောင်ရွက်ကြပါစို့ဟု တိုက်တွန်းအပ်ပါသည်။

သတင်း အချက်အလက်